NCAတွင် အားလုံးပါဝင်ရေး အစိုးရနှင့် တပ်မတော်မှ မူဝါဒအချို့ ဖြေလျှော့ပေးရန် KNU တောင်းဆို

NCAတွင် အားလုံးပါဝင်ရေး အစိုးရနှင့် တပ်မတော်မှ မူဝါဒအချို့ ဖြေလျှော့ပေးရန် KNU တောင်းဆို
(ဓာတ်ပုံ- မင်းမင်း/မဇ္ဈိမ)

နေပြည်တော်(အောက်တိုဘာ ၁၅ရက်၊ ၂၀၁၆ခုနှစ်)။ ။တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်(NCA)တွင် လက်မှတ်မထိုးရသေးသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ ပါဝင်ရေးထိုးနိုင်ရန် တပ်မတော်နှင့် အစိုးရဘက်က မူဝါဒဆိုင်ရာ ဖြေလျှော့ပေးရန်နှင့် အင်အားသုံးတိုက်ခိုက်မှုများကို ရပ်ဆိုင်းထားရန် ကရင်အမျိုးသားအစည်းအရုံး(KNU)က တောင်းဆိုလိုက်သည်။

“NCA လက်မှတ်ရေးထိုးခြင်းမရှိသေးတဲ့ ညီနောင်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေ ပါဝင်လက်မှတ်ထိုးနိုင်အောင် လက်တွေ့လမ်းဖွင့်ပေးရာမှာ အစိုးရဘက်မှ၊ တပ်မတော်ဘက်မှ သဘောထားကြီးပြီး မူဝါဒဆိုင်ရာမှာ ဖြေလျှော့မှုအချို့ပြုလုပ်ခြင်း၊ အင်အားသုံးတိုက်ခိုက်မှုတွေကို ရပ်ဆိုင်းထားခြင်းတို့ကိုပြုလုပ်ပေးဖို့ NCA လက်မှတ်ရေးထိုးထားတဲ့လက်နက်ကိုင်တွေကိုယ်စား တောင်းဆိုလိုပါတယ်”ဟု ဗိုလ်ချုပ်ကြီးမူတူးစေဖိုးက ပြောသည်။

နေပြည်တော်ရှိ MICC-1တွင် ၂၀၁၆ခုနှစ်၊ အောက်တိုဘာ ၁၅ရက်က ကျင်းပပြုလုပ်သည့် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်(NCA) လက်မှတ်ရေးထိုးခြင်းနှစ်ပတ်လည်အခမ်းအနားတွင် ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုးက ထိုသို့ ပြောဆိုလိုက်ခြင်းဖြစ်သည်။

လက်ရှိတွင် NCA စာချုပ်ကို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း (၈)ဖွဲ့ကသာ ပြီးခဲ့သည့် သမ္မတဦးသိန်းစိန်အစိုးရလက်ထက် ၂၀၁၅ခုနှစ်၊ အောက်တိုဘာ ၁၅ရက်တွင် ရေးထိုးရသေးသည်။

NCAတွင် အားလုံးပါဝင်လက်မှတ်ရေးထိုးရန် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကလည်း နှစ်ပတ်လည်အခမ်းအနားတွင် တိုက်တွန်းလိုက်သလို NCAကို လက်မှတ်မရေးထိုးဘဲ NCA စာချုပ်ပါ ကိစ္စရပ်များကို ကျော်လွန်ပြီး အမျိုးသားအဆင့်ဆွေးနွေးပွဲများသို့သွားနိုင်ရန် ကြိုးစားနေခြင်းဟာ မဖြစ်သင့်ဟုလည်း ပြောဆိုသည်။

“NCA ကို လက်မှတ်ရေးထိုးခြင်း မရှိဘဲ NCA စာချုပ်ပါကိစ္စရပ်များကို ကျော်လွန်ပြီး အမျိုးသားအဆင့် ဆွေးနွေးပွဲများသို့ သွားနိုင်ရန် ကြိုးစားနေခြင်းဟာ မဖြစ်သင့်ပါဘူး။ ကျွန်တော်တို့ ဘာတွေလုပ်ခဲ့ကြတယ်။ ဘယ်လို သဘောထားတွေရှိခဲ့ကြတယ်။ ငြိမ်းချမ်းရေးကို ဘယ်လိုဖော်ဆောင် ခဲ့ကြတယ်ဆိုတာကို သမိုင်းကသက်သေခံပါလိမ့်မယ်” ဟု ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောသည်။

NCAတွင် လက်မှတ်မရေးထိုးရသေးသော ညီညွတ်သောတိုင်းရင်းသားလူမျိုးများဖက်ဒရယ်ကောင်စီ(UNFC)၏ နိုင်ငံရေးဆိုင်ရာညှိနှိုင်းဆွေးနွေးရေးဆိုင်ရာကိုယ်စားလှယ်အဖွဲ့(DPN)ကမူ NCAကို အထောက်အကူဖြစ်စေမည်ဟူသည့် အချက်(၈)ချက်ကို အစိုးရထံသို့ တင်ပြထားသည်။

အဆိုပါ အချက်(၈)ချက်နှင့်ပတ်သက်ပြီး DPNနှင့် အစိုးရ၏ ငြိမ်းချမ်းရေးကော်မရှင်အဖွဲ့တို့ ယနေ့မွန်းလွဲပိုင်းတွင်ပင် နေပြည်တော်၊ သင်္ဂဟဟိုတယ်တွင် တွေ့ဆုံဆွေးနွေးခဲ့ကြသည်။

၃နာရီကျော်ကြာမြင့်သည့် အဆိုပါဆွေးနွေးပွဲတွင် တစ်ဝက်ကျော်ကိုသာ ပြီးပြီးအောင်ဆွေးနွေးနိုင်ခဲ့ပြီး လာမည့် နိုဝင်ဘာလဆန်းပိုင်းတွင် ထပ်မံဆွေးနွေးသွားမည်ဟု သိရသည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags