ရန်ကုန်၊ အောက်တိုဘာ ၁၅ ။ ။ ရခိုင်ပြည်နယ်၊ မောင်တော ခရိုင်တောင်ပိုင်း အထက်ကန်သာယာရွာ ကျောင်းဆရာတစ်ဦး သေနတ် အပစ်ခံရ ကြောင်း မောင်တော(၁) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းလှစိန်က ပြောသည်။
“ ရွာနဲ့ ၁ မိုင် ကျော်လောက်ရှိတယ်။ အဲဒီမှာ နွားကျောင်းတယ် လို့ပြောတယ် အဲဒီက သူတွေက နွားကျောင်း နေတုန်း သူ့ကို အောက်က လှမ်းပစ်တာပေါ့။ ဝမ်းဗိုက်အောက်မှာ ထိတယ် ကျဉ်ထွက်ရင် အဖြေသိနိုင်မှာပေါ့ အခုကတော့ အမျိုး မျိုးဝေဖန်မှုတွေ ထွက်နေတယ် “ ဟု ၎င်းက ပြောဆိုသည်။
ကျောင်းဆရာ ကိုရန်းဇု (ခ) ကိုသန်းထွန်း အသက်(၂၁)နှစ်ကျော်သည် အောက်တိုဘာလ ၁၅ ရက်နေ့ နေ့လည် (၁၁) နာရီကျော်ခန့်က သေနတ်ဖြင့် ပစ်ခံခဲ့ရခြင်း ဖြစ်ပြီး ဝမ်းဗိုက်ထိမှန်ဒဏ်ရာရရှိ သဖြင့် နေ့လည်(၂) နာရီခန့်တွင် မောင်တောဆေးရုံ သို့ ရောက်ရှိဆေးကုသမှု ခံယူနေကြောင်း သိရသည်။
“ မစိုးရိမ်ရဘူး တပ်ကလည်းရှိတယ်။ အကုန်လုံးရှိတယ်ဆိုတော့ ဘယ်သူ့လက်ချက်လည်းဆိုတာတော့ သူလည်းမပြောနိုင်ဘူး ။ အနီးစပ်ဆုံးသူလည်း မပြောနိုင်ဘူး။ ဆေးရုံကို ၁ နာရီ ၄၅ လောက်မှ ရောက်တယ် ဆေးရုံနဲ့ ၇ မိုင် လောက်ဝေးတယ်။ တောလမ်းက လာရတာဆိုတော့ ဖြစ်တဲ့နေရာကလည်း နည်းနည်းတောနက်တယ်လေ ” ဟု ဦးထွန်းလှစိန်က ဆိုသည်။
သေနတ်အပစ်ခံခဲ့ရသူ ကိုသန်းထွန်းသည် အစိုးရ ကျောင်းဆရာတစ်ဦးမဟုတ်ဘဲ ကျောင်းဆရာ ဆရာမ ရှားပါးသောကြောင့် အထက်ကန်သာယာရွာမှ အခကြေးငွေဖြင့် သင်ကြားပေးနေသူ တစ်ဦးဖြစ်ကြောင်း ၎င်းက ပြောသည်။
လက်ရှိအချိန်ထိ မောင်တောခရိုင်ဆေးရုံတွင် အတွင်းလူနာအဖြစ် ခွဲစိတ်ကုသခံနေရပြီး တပ်ရင်း တပ်မှူးများ၊ မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများ ရောက်ရှိ စစ်ဆေးလျက်ရှိကြောင်း သိရသည်။