ဟုမ္မလင်း - မုံရွာ အမြန်ရေယာဉ်တိမ်းမှောက် လူ ၁၀ဦးကျော်သေဆုံး၊ ၅၀ ကျော် ပျောက်ဆုံးနေ

ဟုမ္မလင်း - မုံရွာ အမြန်ရေယာဉ်တိမ်းမှောက် လူ ၁၀ဦးကျော်သေဆုံး၊ ၅၀ ကျော် ပျောက်ဆုံးနေ
ဓါတ်ပုံ - အင်တာနက်

ရန်ကုန်၊ အောက်တိုဘာ ၁၅ ။              ။ ဟုမ္မလင်းမှ မုံရွာသို့ မောင်းနှင်လာသည့် အေးငြိမ်းချမ်းသာ အမြန်ရေယာဉ်အသင်းမှ အောင်စိုးမိုးကျော် (၂) အမြန်ရေယာဉ်သည် ယနေ့မနက် ၄ နာရီကျော်ခန့်က ကနီမြို့နယ်၊ မိချောင်းတွင်း ကျေးရွာအနီးတွင် တိမ်းမှောက်ခဲ့ပြီး လက်ရှိအချိန်ထိ လူ ၁၀ ဦးကျော် သေဆုံးပြီး ၅၀ ကျော် ပျောက်ဆုံးနေသည့်အတွက် ရှာဖွေမှုများ လုပ်ဆောင်နေကြောင်း လတ်တလော သတင်းများအရ သိရသည်။

" လောလောဆယ် သေဆုံးသူကတော့ ဆယ်ဦးလောက်ရှိတယ်ခင်ဗျ။ အောက်ဘက်က အုပ်စုတွေ ကလည်း လာလာ ပို့နေတာဆိုတော့ စရင်းကအမြဲတမ်းတိုးနေသလိုဖြစ်နေတာ " ဟု ကနီမြို့ နယ် ကဲထောင်အုပ်ချုပ်ရေးမှူး ဦးအောင်မျိုး မင်းက အတည်ပြုပြောကြားသည်။

ဟုမ္မလင်းမှ စတင်ထွက်ခွာချိန် အဆိုပါရေယာဉ်ပေါ်တွင် ခရီးသည် ၆၂ ဦးခန့်ပါပြီး ရေယာဉ်မှောက်တိမ်းသည့် အချိန်ထိ နောက်ဆုံးလိုက်ပါလာသည့် ခရီးသည် အရည်အတွက်မှာ ခန့်မှန်းလူဦးရေ ၃၀၀ခန့် ပါရှိကြောင်း သိရသည်။  

“ ကျောက်ဆောင်နဲ့ တိုက်ပြီးမှောက်တာလို့ ကြားတယ်။ အတိအကျမသိသေးဘူး ” လို့ကနီမြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်ဖြစ်သူ ဦးထွန်းထွန်းဝင်းက ပြောသည်။

လက်ရှိအချိန်တွင် မိချောင်းတွင်းကျေးရွာ ဓမ္မာရုံနှင့် အထက်ကင်း ဘုန်းတော်ကြီးကျောင်း၌ ကယ်ဆယ်ရေးစခန်းများ ဖွင့်လှစ်ထားပြီး လူ ၂၀၀ ခန့်ကို ကယ်ဆယ်ထားကြောင်း သိရသည်။

လက်ရှိတွင် ကနီမြို့နယ်က ကနီဆေးရုံနှင့် ကင်းဆေးရုံတို့တွင် ကယ်ဆယ်ရရှိထားသည့် ခရီးသည်များအား ဆေးဝါးကု သမှုများ လုပ်ဆောင်ပေးနေပြီး လတ်တလောတွင် သေဆုံး သူ ၁၀ဦး   ကျော်ထိရှိနေပြီး ၅၀ ကျော်ပျောက်ဆုံးလျှက် ရှိနေကြောင်း သိရသည်။

ဖြစ်ပွားရာနေရာသည် မြစ်ကမ်းအနီးဖြစ်သောကြောင့် ရေယာဉ်ပေါ်တွင်ပါရှိသည့် ခရီးသည် မည်မျှထိခိုက်သည်ကို အတိအကျ ပြောနိုင်ခြင်းမရှိသေးဘဲ ဆက်လက် စုံစမ်းနေကြောင်း သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly