အင်းဝ အပ်ချုပ်ဆိုင်အမှု တရားလိုဘက်ကို စတင် စစ်ဆေး

အင်းဝ အပ်ချုပ်ဆိုင်အမှု တရားလိုဘက်ကို စတင် စစ်ဆေး

ရန်ကုန်၊ အောက်တိုဘာ ၁၃ ။                ။ အင်း၀ အပ်ချုပ်ဆိုင်အမှုမှ ပြစ်မှုကျူးလွန်သူ ၆ ဦးကို ရုံးထုတ်ခဲ့ပြီး တရားလိုဖြစ်သည့် လူကုန်ကူးမှု တားဆီးကာကွယ်ရေး ရဲတပ်ဖွဲ့မှ ဒုရဲမှူး မျိုးသိန်းကို စတင်စစ်ဆေးခဲ့သည်။

လေးကြိမ်မြောက်အဖြစ် ရုံးထုတ်ခဲ့ခြင်းဖြစ်ပြီး ပြစ်မှုကျူးလွန်သူ အင်းဝအပ်ချုပ်ဆိုင်မှ ၆ ဦးအတွက် စုစုပေါင်းရှေ့နေလေးဦး ဖြင့် တ ရားလိုဘက်မှ စတင် စစ်ဆေးခဲ့ခြင်း ဖြစ်သည်။

“ အမှုအခြေနေက ရှေ့နေတွေစုံတယ်။ တရားလိုကို စစ်လိုက်ပြီပေါ့။ လာမယ့်ရုံးချိန်းကျရင် ကျန်တဲ့ တရားလိုပြ သက်သေတွေကို ဆက် စစ်သွားမယ်။ တရားလိုကတော့ သူက စုံးစမ်းစစ်ဆေးတဲ့ အတိုင်းပဲ တိုင်ချက်ပါ အတိုင်းပဲ ထွက်ဆိုသွားတယ်ပေါ့ " ဟု ကျူးလွန်သူ ဦး တင်မင်းလတ် နှင့် ဦးတင်ကို ၂ ယောက်၏ ရှေ့နေဖြစ်သူ တရားလွှတ်တော်ရှေ့နေ ဦးမျိုးညွှန့် မဇ္ဈိမသို့ ပြောသည်။

အောက်တိုဘာ ၂၀ တွင် ထပ်မံစစ်ဆေးရန် တရားရုံးမှ ချိန်းဆိုထားပြီး အမှုနှင့် သက်ဆိုင်သည့် တရားလိုဘက်မှ သက်သေ ၁၀ ဦး ကို ထပ်မံ စစ်ဆေးသွားမည်ဟု အနောက်ပိုင်းခရိုင်တရားရုံးမှ သိရသည်။

ခေါ်ယူစစ်ဆေးမည့် သက်သေခံများထဲတွင် မသီရိလတ်အိမ်တွင် အိမ်ဖော်လုပ်ကိုင်ခဲ့ဖူးသည့် မတင်တင်ခိုင် ဆိုသည့် အမျိုးသမီးငယ် ကိုပါ ခေါ်ယူစစ်ဆေးသွားမည် ဟု မသီရိလတ် ရှေ့နေဖြစ်သူ အထက်တန်းရှေ့နေ ဒေါ်နှင်းစုအောင်က မဇ္ဈိမကို ပြောသည်။

“ လူကုန်ကူးက ရဲမှူးကြီးကလည်း သူကိုယ်တိုင် စစ်ဆေးထားတယ်လို့ ပြောတယ်။ ဒါပေမယ့် သီရိလတ် အိမ်မှာနေခဲ့တဲ့ တစ်ယောက်က ဘာဒဏ်ရာ ဒဏ်ချက်မှလည်း မရခဲ့ဘူး။ သူကိုယ်တိုင် ရုံးချိန်းမှာလည်း ထွက်ခဲ့ရတယ်။ ဒဏ်ရာ ဒဏ်ချက်မရခဲ့ဘူးဆိုတော့ တကယ် မကျူးလွန်ခဲ့ဘူးလို့ပဲ အစ်မကတော့ ယုံကြည်တယ် ” ဟု ဒေါ်နှင်းစုအောင်က ပြောဆိုသည်။

အိမ်အကူ မိန်းကလေးငယ်ဖြစ်သည့် မစန်းကေခိုင်တွင် ကိုယ်လက်အင်္ဂါချို့ယွင်းသည်အထိ နှိပ်စက်ခံခဲ့ရပြီး မသဇင် မျက်နှာတွင် ဒဏ်ရာရ အောင်ပြုလုပ်ခဲ့သည်ဟုဆိုကာ လူကုန်ကူးမှု တားစီးရေး ရဲတပ်ဖွဲ့မှ ဒုရဲမှူးမျိုးသိန်း တရားလိုလုပ် တိုင်ကြားခဲ့ခြင်းအပေါ် တရားလိုဘက်မှ စတင်စစ်ဆေးနေခြင်းဖြစ်သည်။

အဆိုပါ အမှုအတွက်  ပြစ်မှုကျူး လွန်သူများအား လူကုန်ကူးမှုတားဆီးကာကွယ်ရေး ဥပ ဒေပုဒ်မ ၂၄/၃၂နှင့် ကလေးသူငယ်ပုဒ်မ ၆၆(ဃ) တို့ဖြင့် အမှုဖွင်ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required