ရခိုင်ပြည်နယ်တည်ငြိမ်ရေး ပြည်ထောင်စုအစိုးရနဲ့ အပြည့်အဝပူးပေါင်းမယ်လို့ ဝန်ကြီးချုပ် ဦးညီပုပြော

ရခိုင်ပြည်နယ်တည်ငြိမ်ရေး ပြည်ထောင်စုအစိုးရနဲ့ အပြည့်အဝပူးပေါင်းမယ်လို့ ဝန်ကြီးချုပ် ဦးညီပုပြော
ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပု(ဓာတ်ပုံ- မဇ္ဈိမ)

နေပြည်တော်(အောက်တိုဘာ ၁၃ရက်၊ ၂၀၁၆ခုနှစ်)။ ။ ရခိုင်ပြည်နယ် တည်ငြိမ်းအေးချမ်းရေးအတွက် အမြန်ဆုံးဆောင်ရွက်လျက်ရှိနေသလို ပြည်ထောင်စုအစိုးရနှင့်လည်း အပြည့်အဝ ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုက ပြောဆိုလိုက်သည်။

"ကျွန်တော်တို့တတ်နိုင်သမျှ တည်ငြိမ်အေးချမ်းမှုရှိအောင် အမြန်ဆုံးဆောင်ရွက်နေပါတယ်။ လိုအပ်တာတွေလည်း နေရေး၊ စားရေးကအစ ဖြည့်ဆည်းဆောင်ရွက်ပေးနေပါတယ်" ဟု အောက်တိုဘာ ၁၃ရက်၊ ညနေ ၃နာရီခွဲတွင် ဦးညီပုက မဇ္ဈိမ၏ ဆက်သွယ်မေးမြန်းမှုအပေါ် ပြန်လည်ဖြေကြားခဲ့သည်။

အောက်တိုဘာ ၉ရက်တွင် ရခိုင်ပြည်နယ် မောင်တောနှင့် ရသေ့တောင်မြို့နယ်များရှိ နယ်ခြားစောင့်ရဲတပ်ဖွဲ့များ၏ စခန်းများဖြစ်သော နခဖ(၁)၊ ဌာနချုပ် (ကျီးကန်းပြင်)နှင့် နခခ(၁)၊ ဒေသ(၂)၊ နယ်မြေ(၅) ငါးခူးရစခန်းနှင့် ရတဖ(၁)၊ ဒေသ(၃) နယ်မြေ(၉) ကိုးတန်ကောက်ကင်းစခန်းအား အမည်မသိသူများက ဝင်ရောက်စီးနင်းခဲ့သည့်ဖြစ်စဉ် ဖြစ်ပွားခဲ့သည်။

အဆိုပါ ဖြစ်စဉ်ကြောင့် ရဲတပ်ဖွဲ့ဝင် အရာရှိ(၁)ဦးနှင့် အခြားအဆင့် ၈ဦး စုစုပေါင်း ၉ဦး ကျဆုံးခဲ့သလို အရာရှိ ၁ဦးနှင့် အခြားအဆင့် ၃ဦး စုစုပေါင်း ၄ဦးမှာ ဒဏ်ရာရရှိခဲ့ပြီး တပ်ဖွဲ့ဝင် အရာရှိ ၁ဦးမှာမူ ပျောက်ဆုံးနေသည်ဟု မြန်မာနိုင်ငံရဲတပ်ဖွဲ့က ထုတ်ပြန်ထားသည်။ ထို့ပြင် လက်နက်မျိုးစုံ ၅၁လက်၊ ခဲယမ်း ၁၀၁၄၀တောင့်၊ စကားပြောစက် ၂လုံးလည်း လုယက်ခံရသည်ဟု မြန်မာနိုင်ငံရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။

ယင်းနောက် တပ်မတော်က နယ်မြေရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အောက်တိုဘာ ၉ရက်ညက အကြမ်းဖက်သမားနှစ်ဦးနှင့် အောက်တိုဘာ ၁၀ရက်နံနက်တွင် အကြမ်းဖက်သမားနှစ်ဦးဖမ်းဆီးရမိခဲ့ကြောင်း တပ်မတော်က အောက်တိုဘာ ၁၁ရက်တွင် သတင်းထုတ်ပြန်ထားသည်။

အောက်တိုဘာ ၁၂ရက်တွင်လည်း တပ်မတော်စစ်ကြောင်းက နယ်မြေရှင်းလင်းရေးဆောင်ရွက်စဉ် မောင်တောမြို့နယ်၊ ကြက်ရိုးပြင်ကျေးရွာတွင် အကြမ်းဖက်တိုက်ခိုက်သူများက ရွာ၏ အနောက်ဘက်သို့ ထွက်ပြေးကာ သေနတ်၊ တုတ်၊ ဓားများဖြင့် စတင်တိုက်ခိုက်သောကြောင့် ပြန်လည်ပစ်ခတ်တိုက်ခိုက်ရာတွင် အကြမ်းဖက်စီးနင်းတိုက်ခိုက်သူများထံမှ အလောင်း ၁၀လောင်းနှင့် တစ်လုံးထိုးသေနတ်တစ်လက်တို့ကို သိမ်းဆည်ရမိကြောင်း အောက်တိုဘာ ၁၃ရက်ထုတ်၊ မြဝတီသတင်းစာတွင် ဖော်ပြထားသည်။

လက်ရှိအခြေအနေတွင်မူ “အခုနောက်ဆုံးအခြေအနေကတော့ ဘာမှ ထူးထူးခြားခြားမရှိဘူးလို့ ကြားသိရတယ်” ဟု ဦးညီပုက ပြောသည်။

အလားတူကိစ္စများထပ်မံမဖြစ်ပွားရန်နှင့် ရခိုင်ပြည်နယ်တည်ငြိမ်ရေးအတွက် “ပြည်ထောင်စုအစိုးရနဲ့ ညှိနှိုင်းလုပ်သွားမှာပါ” ဟုလည်း ဝန်ကြီးချုပ် ဦးညီပုက ဆိုသည်။

အကြမ်းဖက်တိုက်ခိုက်သူများမှာ မည်သည့်အဖွဲ့အစည်းမှဖြစ်သည်ကို အစိုးရက တရားဝင်ထုတ်ပြန်ခြင်း မရှိသေးဘဲ စုံစမ်းစစ်ဆေးမှုများပြလုပ်နေပြီဖြစ်ကြောင်း အောက်တိုဘာ ၉ရက်ည သတင်းစာရှင်းလင်းပွဲတွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ရဲချုပ်ဇော်ဝင်းက ပြောဆိုထားသည်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်ကလည်း “ကျွန်မတို့ကတော့ အကောင်းဆုံးဖြစ်အောင် ဖြေရှင်းမယ်။ ဒါဟာ မျှမျှတတနဲ့ တရားဥပဒေစိုးမိုးရေးအောက်မှာပဲ ကျွန်မတို့လုပ်သွားမယ်။ ဘာတွေ၊ ဘာတွေက ဘာဖြစ်နေတယ်ဆိုတာ မရှင်းသရွှေ့တော့ ဘယ်သူ့ကိုမှ ကျွန်မတို့ စွပ်စွဲမှာ မဟုတ်ပါဘူး။ သေသေချာချာ အထောက်အထား ခိုင်လုံတဲ့အခါကျမှ စွပ်စွဲချက်တင်သင့်တယ်ဆိုရင် တင်မှာ ဖြစ်ပါတယ်” ဟု မောင်တောဖြစ်စဉ်အပေါ် အောက်တိုဘာ ၁၂ရက်က ပြောဆိုသည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly