ပြုံယမ်း၊ အောက်တိုဘာ ၁၂ ။ ။ မြောက်ကိုရီးယားနိုင်ငံ ၎င်း၏ ဗြိတိန်ဆိုင်ရာ ဒုတိယသံအမတ်ကြီးက နိုင်ငံဘက်ပြောင်းသွားသဖြင့် ဒုတိယနိုင်ငံခြားရေးဝန်ကြီးနှင့် မိသားစုအား ပြုံယမ်းမြို့ပြင် ကျေးလက်တောနယ်ဒေသသို့ ပြည်နှင်ဒဏ် ပို့ခဲ့သည်။
လွန်ခဲ့သည့် နှစ်လက ဗြိတိန်ဆိုင်ရာ မြောက်ကိုရီးယားသံအမတ်ဖြစ်သူက မိသားစုနှင့်အတူ တောင်ကိုရီးယားနိုင်ငံတွင် ခိုလှုံခဲ့ရာ ခေါင်းဆောင်ကင်ဂျုံးအွန်က ဒုတိယနိုင်ငံခြားရေးဝန်ကြီး ကောင်ဆိုအန်းအား ရာထူးမှ ဖယ်ရှားပစ်ခဲ့ခြင်း ဖြစ်ကြောင်း တောင်ကိုရီးယား သတင်းစာ တစ်စောင်က ဖော်ပြသည်။
“ပြီးခဲ့တဲ့ ဇူလိုင်နှောင်းပိုင်းမှာ သံအမတ်ကြီး သန်ယောင်ဟိုး နိုင်ငံဘက်ပြောင်းထွက်ပြေးပြီးနောက်မှာ နိုင်ငံခြားရေး ဝန်ကြီးဌာနတစ်ခုလုံးကို မျက်စိထောက်ဒေါက် ကြည့်နေခဲ့တယ်။”ဟု မြောက်ကိုရီးယား နှင့် နီးစပ်သည့် သတင်းရင်းမြစ်တစ်ရပ်က ပြောသည်။
“ကောင်ဆိုအန်းကို အဲဒီကိစ္စကြောင့် တာဝန်ရှိလို့ ဖမ်းဆီးထိန်းသိမ်းခဲ့တယ်။ နောက်ပြီး ဌာနရှင်းလင်းမှုတွေလည်း လုပ်ဆောင်နေတယ်။”ဟု ယင်းသတင်းရင်းမြစ်က ဆိုသည်။
ဥရောပနှင့်ဆိုင်သည့် တာဝန်ထမ်းဆောင်ရသော မြောက်ကိုရီးယားသံတမန် လေးဦးကိုလည်း မြို့တော်ပြုံယမ်းမှ နှင်ထုတ်ခဲ့ကြောင်း ယင်းသတင်းရင်းမြစ်က ပြောခဲ့သည်။