ထိုင်သပိတ်ပြုလုပ်ခဲ့သည့် ဂေါက်အိတ်ထမ်း အလုပ်သမား ၆၈ ဦးကို အလုပ်မှ ယာယီ ရပ်နားခံရ

ထိုင်သပိတ်ပြုလုပ်ခဲ့သည့် ဂေါက်အိတ်ထမ်း အလုပ်သမား ၆၈ ဦးကို အလုပ်မှ ယာယီ ရပ်နားခံရ

မန္တလေး၊ အောက်တိုဘာ ၁၀ ။                              ။ ရွှေမန်းတောင်ဂေါက်ကွင်းမှ  ဂေါက်အိတ်ထမ်းအလုပ်သမား ၆၈ ဦးကို ထိုင်သပိတ်ပြုလုပ်ခဲ့သည့်အတွက် အောက်တိုဘာလ ၉ ရက်မှစတင်၍ အလုပ်မှယာယီရပ်နားလိုက်ကြောင်း ရွှေမန်းတောင်ဂေါက်ကွင်း အထွေထွေမန်နေဂျာက လက်မှတ်ထိုး၍ စာထုတ်လိုက်သည်ဟု အလုပ်မှယာယီရပ်နားခံရသည့် ဦးသောင်းတင်ဝင်းက မဇ္ဈိမ ကိုပြောသည်။

အဆိုပါ ယာယီအလုပ်ရပ်နားလိုက်သည့် စာထဲတွင် ရွှေမန်းတောင်ဂေါက်ကွင်းတွင် ကျင်းပနေသည့် မန်းစီးတီးအသင်း သီတင်းကျွတ်ဖလား ဂေါက်သီးရိုက်ပြိုင်ပွဲပြုလုပ်နေစဉ် ဂေါက်ကလပ် ဂုဏ်သိက္ခာနှင့် ဂေါက်ကလပ်၏ ဂုဏ်သတင်းကို ထိခိုက်ပျက်ပြားစေရန် ဆောင်ရွက်ခဲ့ကြသဖြင့် ၎င်းတို့အား ၂၀၁၆ခုနှစ်၊ အောက်တိုဘာလ ၉ ရက်မှစတင်၍ ရွှေမန်း တောင် ဂေါက်ကလပ်၌ ကယ်ဒီလိုက်ပါခွင့် ယာယီရပ်ဆိုင်းလိုက်သည်။ နောက်ထပ်အမိန့်တစ်စုံတစ်ရာ မထုတ် မပြန်မ ခြင်း ဤအမိန့်သည်အတည်ဖြစ်သည်ဟု ပါရှိသည်။

" အခုလို အလုပ်ရပ်နားဖို့ စာကပ်တာကလည်း ရုံးချိန်အတွင်းကပ်တာမဟုတ်ဘူး။ ညနေ ၆ နာရီမှကပ်တာဆိုတော့ ဘောင်မဝင်ဘူးလို့မြင်တယ်။"ဟု ဦးသောင်းတင်ဝင်းက ပြောသည်။

ရွှေမန်းတောင် ဂေါက်ကွင်း ဂေါက်အိတ်ထမ်း အလုပ်သမားများက အောက်တိုဘာလ ၉ ရက်၊ နံနက်ပိုင်းက အလုပ်သ မားများအား အလုပ်ထုတ်သည့် ကိစ္စနှင့် ပတ်သက်၍ ဖြေရှင်းပေးရန် ထိုင်သပိတ်ပြုလုပ်တောင်းဆိုခဲ့ခြင်း ဖြစ်သည်။

အလုပ်မှ ယာယီရပ်နားခံလိုက်ရသည်နှင့် ပတ်သက်၍ ကိုအောင်ခိုင်ဝင်းက "အခုလိုရပ်နားခံရတော့ မိသားစု စားဝတ်နေ ရေး ထိခိုက်တာပေါ့။ ဒီလိုလုပ်တာဟာ ကျွန်တော်တို့ ကယ်ဒီမိသားစုကို ချိုးနှိမ်တာပဲ။ ကျွန်တော်တို့ကတော့ ဆက်ပြီး တိုက်ရမှာပဲ " ဟု ပြောသည်။

ရွှေမန်းတောင်ဂေါက်ကွင်းတွင် ဂေါက်အိတ်ထမ်း အလုပ်သမား ၂၄၂ဦးရှိပြီး ၆၈ ဦးက ထိုင်သပိတ်ပြုလုပ် တောင်းဆိုနေခြင်း ဖြစ်သည်။

"ကွင်းရဲ့ ဂုဏ်သိက္ခာကျဆင်း အောင်လုပ်တဲ့အတွက် ဒါရိုက်တာအဖွဲ့နဲ့တိုင်ပင်ပြီး အရေးယူနိုင်အောင်လုပ်မှာပါ။ အလုပ် ထုတ်တာ စည်းကမ်းမလိုက်နာလို့ပါ " ဟု ရွှေမန်းတောင်ဂေါက်ကွင်းမှ ဂေါက်ကွင်း အထွေထွေမန်နေဂျာ ဦးမျိုးသန့် ပြောသည်။

ယာယီ အလုပ်ထုတ်ခံရသည့် ဂေါက်အိတ်ထမ်း အလုပ်သမား ၆၈ ဦးက အလုပ်သမားအရေး ညှိုနှိုင်းဖြေရှင်းမှုများ ဆောင်ရွက်ပေးနိုင်ရန် သက်ဆိုင်ရာအဖွဲ့အစည်းအသီးသီးကို တင်ပြတိုင်ကြားမှုများ   ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly