လုံခြံုရေးကောင်စီ၏ အတည်ပြု ထောက်ခံမှုဖြင့် ပေါ်တူဂီ ၀န်ကြီးချုပ်ဟောင်း ဂူတာရက်စ် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်သစ် ဖြစ်လာမည်

လုံခြံုရေးကောင်စီ၏ အတည်ပြု ထောက်ခံမှုဖြင့် ပေါ်တူဂီ ၀န်ကြီးချုပ်ဟောင်း ဂူတာရက်စ် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်သစ် ဖြစ်လာမည်

အောက်တိုဘာ ၇ ။              ။ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်သစ်အဖြစ် ပေါ်တူဂီဝန်ကြီးချုပ်ဟောင်းနှင့်  ကုလဒုက္ခသည်များဆိုင်ရာ အေဂျင်စီကို ဦးဆောင်ခဲ့သူ အန်တိုနီယို ဂူတာရက်စ်အား လုံခြုံရေးကောင်စီက အောက်တိုဘာ ၆ ရက်တွင် ထောက်ခံအတည်ပြုပေးလိုက်သည်။

ကမ္ဘာ့သံတမန်အကြီးအမှူးချုပ်သစ်အဖြစ် ဂူတာရက်စ်အား တရားဝင် ရွေးချယ်လိုက်ကြောင်းနှင့် အထွေထွေညီလာခံတွင် ၎င်းအား အမည်တင်သွင်းရန် တောင်းဆိုသည့် အဆိုပြုချက်ကို အဖွဲ့ဝင် ၁၅ နိုင်ငံက အတည်ပြုပေးလိုက်သည်။

ဇန်နဝါရီ ၁ ရက်မှစပြီး ငါးနှစ်သက်တမ်း တစ်ရပ်အတွက် ဂူတာရက်စ်ကို အဆိုပြုလိုက်ချိန်တွင် ကောင်စီအစည်းအဝေး ခန်းမအတွင်း ချီးကျူးထောပနာသံ ညံသွားခဲ့ကြောင်း တက်ရောက်သူ သံတမန်များ က ပြောဆိုသွားသည်။

အလားတူ အသက် ၆၇ နှစ်ရှိပြီဖြစ်သော ဂူတာရက်စ်က ၎င်းအနေဖြင့် မျက်မှောက်ခေတ် ကမ္ဘာကြီးပေါ်ရှိ ပဋိပက္ခများ၊ စစ်ပွဲများ၊ အကြမ်းဖက်မှုများ၊လူ့အခွင့်အရေးချိုးဖောက်မှုများ၊ ဆင်းရဲနွမ်းပါးခြင်းနှင့် သာတူညီမျှ မရှိခြင်းတို့၏ ဒဏ်ကို ခံစားနေရသူများအတွက် လုပ်ဆောင်ပေးသွားမည်ဟု ကတိပြုသွားခဲ့သည်။

နိုင်ငံပေါင်း ၁၉၃ နိုင်ငံ ပါဝင်သော ကုလ အထွေထွေညီလာခံ၏ မဲပေးမှုကို ်လာမည့် ကြာသပတေးနေ့တွင် ပြုလုပ်မည်ဖြစ်ပြီး လက်ရှိအတွင်းရေးမှူးချုပ် ဘန်ကီမွန်းနေရာဆက်ခံမည့်သူအဖြစ် ဂူတာရက်စ်ကို တင်သွင်းပေးသွားရန် ရှိနေသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags