နှစ်နိုင်ငံ တင်းမာမှု မြင့်တက်နေစဉ် အိန္ဒိယရုပ်သံများ လွှင့်သည့် ကုမ္ပဏီများအား ပါကစ္စတန် နှိမ်နှင်း

နှစ်နိုင်ငံ တင်းမာမှု မြင့်တက်နေစဉ် အိန္ဒိယရုပ်သံများ လွှင့်သည့် ကုမ္ပဏီများအား ပါကစ္စတန် နှိမ်နှင်း

အစ္စလာမ်မာဘတ်၊ အောက်တိုဘာ ၇ ။                 ။ နျူကလီးယားလက်နက်နိုင်ငံနှစ်နိုင်ငံဖြစ်သော အိန္ဒိယနှင့် ပါကစ္စတန်ကြား အငြင်းပွား ကက်ရှ်မီးယားဒေသတွင် မတည်ငြိမ်မှုများ မြင့်တက်လျက်ရှိစဉ် ပါကစ္စတန်၏ မီဒီယာစည်းကြပ်ရေးအဖွဲ့က ၎င်းနိုင်ငံအတွင်း အိန္ဒိယရုပ်သံလိုင်းများ ထုတ်လွှင့်သည့် ကုမ္ပဏီများကို ထိထိရောက်ရောက် နှိမ်နှင်းအရေးယူလျက်ရှိကြောင်း တာဝန်ရှိသူများက ပြောသည်။

ဇူလိုင်လအတွင်းက အိန္ဒိယထိန်းချုပ်ရာ ကက်ရှ်မီးယားဒေသတွင် ဆန္ဒပြသူများအား အိန္ဒိယလုံခြုံရေးတပ်ဖွဲ့က ဖြိုခွင်းခဲ့ရာ မွတ်စလင်ခွဲထွက်ရေး လူငယ်ခေါင်းဆောင်   သေဆုံးခဲ့ပြီးနောက်ပိုင်း   ရေရှည်ပြိုင်ဖက်နှစ်နိုင်ငံကြား တင်းမာမှု မြင့်တက်နေသည်။

စက်တင်ဘာတွင် အိန္ဒိယစစ်အခြေစိုက်စခန်းအား စစ်သွေးကြွများ ဝင်စီး၍ အိန္ဒိယစစ်သား ၁၈ ဦး သေဆုံးခဲ့ရာ နှစ်နိုင်ငံဆက်ဆံရေးက အဆိုးဝါးဆုံးဖြစ်လာခဲ့သည်။ ယင်းတိုက်ခိုက်မှုအပေါ် အိန္ဒိယက ပါကစ္စတန်အား အပြစ်ဆိုထားသော်လည်း ပါကစ္စတန်ဖက်က ငြင်းသည်။

“အိန္ဒိယနဲ့ ပါကစ္စတန်နှစ်နိုင်ငံကြားက တင်းမာမှုကြောင့် ပါကစ္စတန်ပြည်သူတွေက အိန္ဒိယရုပ်သံလိုင်းတွေနဲ့ ဇာတ်လမ်းတွဲတွေ ထုတ်လွှင့်မှုကို လုံးဝရပ်ပစ်ဖို့ တောင်းဆိုလာနေတယ်။”ဟု ပါကစ္စတန် မီဒီယာစည်းကမ်းကြပ်မတ်ရေး အာဏာပိုင်အဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူက အောက်တိုဘာ ၆ ရက်တွင် ပြောသည်။

ပါကစ္စတန်ဥပဒေအရ အိန္ဒိယရုပ်သံကို နေ့စဉ် ထုတ်လွှင့်ခွင့် ၈၆ မိနစ်စာသာ ခွင့်ပြုထားသော်လည်း အိန္ဒိယရုပ်ရှင်များ၊ ဇာတ်လမ်းတွဲများ၊ အစီအစဉ်များက ပါကစ္စတန်နိုင်ငံအတွင်း လူကြိုက်များရာ ကုမ္ပဏီများက ဥပဒေကို မျက်ကွယ်ပြုကာ ပိုမိုတင်ဆက်ထုတ်လွှင့်နေခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required