လွှတ်တော်ဝင်းအတွင်း အမျိုးသမီးဝန်ထမ်းအချင်းချင်း ဓားထိုးမှုဖြစ်ပွား

လွှတ်တော်ဝင်းအတွင်း အမျိုးသမီးဝန်ထမ်းအချင်းချင်း ဓားထိုးမှုဖြစ်ပွား
(ဓာတ်ပုံ- မင်းမင်း/မဇ္ဈိမ)

နေပြည်တော်(အောက်တိုဘာ ၅ရက်၊ ၂၀၁၆ခုနှစ်)။ ။ နေပြည်တော်၊ ဇဗ္ဗူသီရိမြို့နယ်အတွင်းရှိ ပြည်သူ့လွှတ်တော်အဆောက်အဦအတွင်း လွှတ်တော်ရုံးအကူ အမျိုးသမီးတစ်ဦးက ပြည်သူ့လွှတ်တော်၊ ညွှန်ကြားရေးမှူးချုပ်ရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး အမျိုးသမီးတစ်ဦးကို ဓားဖြင့်ထိုးမှု အောက်တိုဘာ ၅ရက်၊ နံနက် ၈နာရီ၊ ၃၀မိနစ်တွင် ဖြစ်ပွားခဲ့သည်။

လက်ကိုင်ဖုန်းဖိုး အကြွေးတောင်းခြင်းကို မကျေနပ်ရာမှ ရုံးအကူ ဒေါ်သန္တာ(ခ)သိင်္ဂီထွန်းက အရိုးအသွား ၈လက်မခန့်ရှိ ကြက်သွန်လှီးဓား(ဓားဦးချွန်)ဖြင့် လက်ထောက်ညွှန်ကြားရေးမှူးဖြစ်သူ ဒေါ်သီသီဝင်း၏ နောက်ကျောသို့ ထိုးခဲ့ခြင်းဖြစ်ကာ ထိုးသွင်းဒဏ်ရာ(၁)ချက်(မစိုးရိမ်ရ)ရရှိခဲ့ကြောင်း ရဲတပ်ဖွဲ့၏ ကနဦးစစ်ဆေးချက်များအရ သိရသည်။

"အိမ်သုံးဓားလေးနဲ့ပါ။ ဒဏ်ရာကလည်း မစိုးရိမ်ရပါဘူး" ဟု အဆိုပါ ဖြစ်စဉ်နှင့်ပတ်သက်ပြီး လွှတ်တော်တွင် လာရောက်စစ်ဆေးခဲ့သူ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး ဆန်းအောင်က ပြောသည်။

ရဲတပ်ဖွဲ့၏ ကနဦးစစ်ဆေးချက်အရ ထိုးသွင်းဒဏ်ရာ(၁)လက်မခန့် (၁)ချက် ရရှိခဲ့ပြီး လွှတ်တော်ဆေးခန်းသို့ သွားရောက်ကုသခဲ့ရာ (၂)ချက်ချုပ်ခဲ့ရကြောင်း သိရသည်။

ယခုကဲ့သို့ လွှတ်တော်အဆောက်အဦအတွင်း ဓားထိုးမှုသည် ပထမဆုံးအကြိမ်ဖြစ်ပြီး အလားတူဖြစ်စဉ်မျိး ယခင်က ဖြစ်ပွားခဲ့ခြင်းမရှိဖူးကြောင်း လွှတ်တော်ဝန်ထမ်းအချို့က ဆိုသည်။

ယင်းဖြစ်စဉ်နှင့်ပတ်သက်ပြီး အမှုဖွင့်၊ မဖွင့်ကို ယခု သတင်းရေးသားချိန်အထိ ညှိနှိုင်းဆောက်ရွက်နေဆဲဖြစ်သည်ဟု ရဲတပ်ဖွဲ့က ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required