အထက်တန်းပြ ဆရာ၊ ဆရာမဦးရေ နှစ်ထောင်ကျော် ကန်ထရိုက်စနစ်ဖြင့် ခန့်အပ်မည်

အထက်တန်းပြ ဆရာ၊ ဆရာမဦးရေ နှစ်ထောင်ကျော် ကန်ထရိုက်စနစ်ဖြင့် ခန့်အပ်မည်
ပညာရေးဝန်ကြီးဖြစ်သူ ဒေါက်တာမျိုးသိမ်းကြီး
 

နေပြည်တော်(အောက်တိုဘာ ၃ရက်၊ ၂၀၁၆ခုနှစ်)။ ။ လက်ရှိပညာသင်နှစ်အတွင်း အခြေခံပညာအထက်တန်းကျောင်းခွဲအဖြစ် အဆင့်မြှင့်တင်ခဲ့သော စာသင်ကျောင်းပေါင်း ၃၁၉ကျောင်းအတွက် ဆရာ၊ ဆရာမဦးရေ နှစ်ထောင်ကျော်ကို ယခုလအတွင်း ကန်ထရိုက်စနစ်ဖြင့် ဖြည့်ဆည်းသွားမည်ဟု ပညာရေးဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက ပြောဆိုလိုက်သည်။

“တနိုင်ငံလုံးမှာရှိတဲ့ ၂၀၁၆-၁၇ ပညာသင်နှစ်မှာ အထက်တန်းကျောင်းခွဲအဖြစ် အဆင့်တိုးမြှင့်ပေးတဲ့ ၃၁၉ ကျောင်းအတွက် အောက်တိုဘာမှာ တစ်ကျောင်းကို ၇ ဦးနှုန်းနဲ့ ခန့်ထားပေးဖို့အတွက် လိုအပ်တဲ့ဆရာ၊ ဆရာမ ၂၂၃၃ ဦးကိုတော့ ဘွဲ့ရထားသူတွေကို ကန်ထရိုက်စနစ်နဲ့ အထက်တန်းပြဆရာ၊ ဆရာမအဖြစ်နဲ့ ဖြည့်ဆည်းပေးဖို့အတွက် စီစဉ်ဆောင်ရွက်ပေးလျက်ရှိပါတယ်” ဟု ဒေါက်တာမျိုးသိမ်းကြီးက ပြောသည်။

နိုင်ငံတစ်ဝှမ်းလုံးရှိ အခြေခံပညာကျောင်းများတွင် လိုအပ်လျက်ရှိသော ဆရာ၊ ဆရာမများနှင့် ဝန်ထမ်းများခန့်ထားနိုင်ရန်အတွက် မည်ကဲ့သို့ စီမံဆောင်ရွက်ထားသည်ကို သိလိုကြောင်း အမရပူရမြို့နယ်အမတ် ဦးစိုးမြင့်(ခ)ဦးအောင်ဇော်မြင့်က အောက်တိုဘာ ၃ရက် ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် မေးမြန်းမှုအပေါ် ဝန်ကြီးက အထက်ပါအတိုင်း ဖြေကြားခဲ့ခြင်းဖြစ်သည်။

လက်ရှိပညာသင်နှစ်တွင် ကျောင်းသား၊ ဆရာ အချိုးသည် ၂၃:၁ ရှိပြီး ကျောင်းများတွင် သိပ္ပံခန်းများအတွက် လိုအပ်သော ဆရာ/ဆရာမများ အခြားကာယနှင့်ပတ်သက်သည့် အထက်တန်းပြဆရာ/မများ၊ ကွန်ပျူတာနှင့်ပတ်သက်ပြီး ဆရာ/မများ ဖြည့်ဆည်းခန့်ထားပေးရန် နောင်လာမည့် ပညာသင်နှစ်များတွင် ဆက်လက် စီစဉ်ဆောင်ရွက်သွားမည်ဟုလည်း ဝန်ကြီးက လွှတ်တော်တွင် ပြောဆိုသွားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required