ကက်ရှ်မီးယား၊ အောက်တိုဘာ ၁ ။ ။ ကက်ရှ်မီးယား နယ်စပ်တွင် စစ်သွေးကြွများအား ပစ်မှတ်ထားသည့် ထိုးစစ်များအား အိန္ဒိယ စစ်တပ်က ဆင်နွှဲရာ ပါကစ္စတန်နှင့် နယ်စပ်အနီးရှိ အိန္ဒိယ ကျေးရွာများမှ ဒေသခံများ ဘေးလွတ်ရာသို့ ထွက်ပြေးနေရသည်။
နယ်စပ် တစ်လျှောက်တွင် ဦးတည် ပစ်မှတ်အား အပြတ်ချေမှုန်းသည့် စစ်ဆင်ရေးများကို စီးနင်းဆင်နွှဲကြောင်း အိန္ဒိယစစ်တပ်က ပြောသည်။ ပါကစ္စတန်ဖက်က ယင်းစီးနင်းမှုကို ငြင်းပြီး နယ်စပ်မှ ဒုံးကျည်ဖြင့် ပစ်ခတ်ခြင်းသာဖြစ်ပြီး ၎င်းတို့ စစ်သားနှစ်ဦး သေဆုံးရသည်ဟု ပြောသည်။
ပန်ဂျပ်ပြည်နယ်ရှိ ကျေးရွာအများစုက ရွာသူရွာသားများက ထိပ်တိုက် တိုက်ပွဲများ ဖြစ်လာနိုင်သည် စိုးရိမ်မှုကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးကြသည်။
ကက်ရှ်မီးယားအရေး ပိုင်ဆိုင်မှု အငြင်းပွားခြင်းသည် အိန္ဒိယနှင့် ပါကစ္စတန်ကြား ဆယ်စုနှစ်များစွာ ကြာမြင့်နေပြီး စစ်ပွဲ နှစ်ကြိမ်လည်း ဖြစ်ခဲ့သည်။
အိန္ဒိယဖက်က တိုက်ခိုက်မှုများကို အရှိန်မြှင့်လုပ်ဆောင်လာလျက်ရှိနေကြောင်း အကဲဖြတ်များက ပြောသည်။
အိန္ဒိယနှင့် ပါကစ္စတန်ကြား နှစ်နိုင်ငံ ဆက်ဆံရေးသည် ယခုလ အစောပိုင်းကစကာ ဆိုးဝါးလာသည်။ ကက်ရှ်မီးယားရှိ အိန္ဒိယ စစ်စခန်းအား စစ်သွေးကြွများ တိုက်ခိုက်မှုပြီးနောက်ပိုင်း ဆက်ဆံရေး ဆိုးဝါးလာခဲ့ခြင်းဖြစ်သည်။ နှစ်များစွာအတွင်း အဆိုးဆုံးဖြစ်သည့် ယင်းတိုက်ခိုက်မှုအပေါ် အိန္ဒိယနိုင်ငံက ပါကစ္စတန်အား အပြစ်ဆိုထားသော်လည်း ပါကစ္စတန်ဖက်က ငြင်းဆန်သည်။