ကိုယ်ဝန်ဆောင်နှင့် သားဖွားမိခင် သေဆုံးမှုနှုန်း မြင့်မားနေဆဲ

ကိုယ်ဝန်ဆောင်နှင့် သားဖွားမိခင် သေဆုံးမှုနှုန်း မြင့်မားနေဆဲ
စာတမ်း(၃)စောင် ထုတ်ပြန်ပွဲတွင် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဦးမြင့်ကြိုင်က အဖွင့်စကားပြောကြားနေစဉ်(ဓာတ်ပုံ- မင်းမင်း/မဇ္ဈိမ)

နေပြည်တော်(စက်တင်ဘာ ၂၇ရက်၊ ၂၀၁၆ခုနှစ်)။ ။ မြန်မာနိုင်ငံတွင် ကိုယ်ဝန်ဆောင်နှင့် သားဖွားမိခင်တို့၏ သေဆုံးမှုနှုန်းမှာ မြင့်မားလျက်ရှိနေကြောင်း ၂၀၁၄ခုနှစ်၊ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း အချက်အလက်များကို အသုံးပြုပြီးတွက်ချက်ထားသော သုတေသနစာတမ်းများ၏ ကိန်းဂဏန်းများက ညွှန်းဆိုနေသည်။

အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနက စက်တင်ဘာ ၂၇ရက်တွင် ထုတ်ပြန်လိုက်သည့် သားဖွားမိခင်သေဆုံးမှုနှုန်း သုတေသနစစ်တမ်းအရ နှစ်စဉ် အမျိုးသမီးဦးရေ ၂၈၀၀ဦးသည် ကိုယ်ဝန်ဆောင်စဉ်ကာလနှင့် မွေးဖွားစဉ်ကာလများတွင် သေဆုံးနေကြရသည်ဟု ဖော်ပြထားသည်။

အရှင်မွေးဖွားသည့် ကလေးဦးရေ တစ်သိန်းလျှင် သားဖွားမိခင် (၂၈၂)ဦး သေဆုံးနေရသည်ဟုလည်း အစီရင်ခံစာတွင် ပါရှိသည်။

အမျိုးသမီးတွေအတွက် ကလေးမမွေးခင်၊ ကလေးမွေးဖွားစဉ်နှင့် ကလေးမွေးဖွားပြီး ကာလတွေမှာ ကောင်းမွန်တဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေ ပံ့ပိုးနိုင်ရေး၊ ကျန်းမာရေးဆိုင်ရာ ဝန်ဆောင်မှုများကို တွန်းအားပေးဆောင်ရွက်ရန် လိုအပ်ကြောင်း အချက်အလက်များက ပြဆိုနေပါတယ်” ဟု အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန် ဦးမြင့်ကြိုင်က ပြောသည်။

သားဖွားမိခင် သေဆုံးမှုနှုန်း မည်သည့်အတွက်ကြောင့် မြင့်မားနေသည်ကို အဖြေရှာနိုင်ရန် သားဖွားမိခင်သေဆုံမှုနှင့် ပတ်သက်သော စာတမ်းများကို ကောက်ယူရန် လိုအပ်နေပြီဟုလည်း ဦးမြင့်ကြိုင်က ဆိုသည်။

နေပြည်တော် သင်္ဂဟဟိုတယ်တွင်ပြုလုပ်သည့် ၂၀၁၄ခုနှစ်၊ လူဦးရေနှင့် အိမ်အကြေင်းအရာ သန်းခေါင်စာရင်းဖြင့် တွက်ချက်ထားသည့် အသေးစိတ်သုတေသနစာတမ်း(၃)စောင်ဖြစ်သော မွေးဖွားခြင်းနှင့် လက်ထပ်ထိမ်းမြားခြင်း၊ သေဆုံးခြင်းနှင့် သားဖွားမိခင်သေဆုံးခြင်းဆိုင်ရာ အချက်အလက်များ ထုတ်ပြန်ခြင်းအခမ်းအနားတွင် ဦးမြင့်ကြိုင်က ပြောကြားခဲ့ခြင်းဖြစ်သည်။

ပြည်သူ့အင်အားဦးစီးဌာနအနေဖြင့် ၂၀၁၄ခုနှစ်၊ လူဦးရေနှင့် အိမ်အကြေင်းအရာ သန်းခေါင်စာရင်းမှ ရရှိသော ရလဒ်များအပေါ် မူတည်၍ အသေးစိတ်သုတေသနစာတမ်း (၁၅)စောင် ပြုစုလျက်ရှိရာ ယခုထုတ်ပြန်လိုက်သည့် စာတမ်း(၃)စောင်အား ပထမဆုံးအကြိမ် ထုတ်ပြန်လိုက်ခြင်းလည်း ဖြစ်သည်။

ဆက်လက်ထုတ်ပြန်ရန် ကျန်ရှိနေသည့် စာတမ်းများမှာ ပြောင်းရွှေ့သွားလာခြင်းနှင့် မြို့ပြထွန်းကားလာခြင်း၊ မသန်စွမ်းမှု၊ လူဦးရေပြောင်းလဲခြင်း၊ လူဦးရေခန့်မှန်ခြင်း၊ ကလေးသူငယ်နှင့် လူငယ်များ၊ သက်ကြီးရွယ်အိုများ၊ ပညာရေး၊ လုပ်သားအင်အား၊ အိမ်ထောင်စု၊ အိမ်အကြောင်းအရာနှင့် အိမ်ထောင်စုရှိ ပစ္စည်းများ၊ ကျားမအလိုက် ခွဲခြားလေ့လာခြင်း၊ သန်းခေါင်စာရင်းရလဒ်မြေပုံများနှင့် ဆန်းစစ်လေ့လာခြင်း စသည့် စာတမ်း (၁၂)စောင် ဖြစ်သည်။

 

 

 

 

 

 

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly