ဂွာဒီယိုလာသည် မန်စီးတီးကစားသမားများကို ခွေးများသဖွယ် ဆက်ဆံဟု တိုရေး၏အေးဂျင့်စွပ်စွဲ

ဂွာဒီယိုလာသည် မန်စီးတီးကစားသမားများကို ခွေးများသဖွယ် ဆက်ဆံဟု တိုရေး၏အေးဂျင့်စွပ်စွဲ

စက်တင်ဘာ ၂၄၊ မန်ချက်စတာ။          ။ နည်းပြဂွာဒီယိုလာသည် မန်စီးတီးကစားသမားများကို ခွေးများသဖွယ်ဆက်ဆံသည်ဟု ယာယာတိုရေး၏အေးဂျင့် ဒီမီထရီ ဆီလက်က စွပ်စွဲပြောဆိုလိုက်သည်။

မီဒီယာများထံ ပြောဆိုထားမှုများနှင့်ပတ်သက်ပြီး ဆီလက်က ပြန်လည်မတောင်းပန်မခြင်း ကွင်းလယ်ကစားသမား တိုရေးကို ကစားခွင့်ပေးမည်မဟုတ်ဟု ယခုတစ်ပတ်တွင် ဂွာဒီယိုလာက ပြောဆိုထားသည်။

သို့သော် ဆီလက်က နောက်ဆုတ်ရန်ဆန္ဒမရှိဘဲ ဂွာဒီယိုလာသည် တိုရေးကို နှိမ်ကာ ချန်ပီယံလိဂ်လူစာရင်းမှချန်လှပ်ခဲ့သည်ဟု ပြောဆိုကာ စကားလုံးစစ်ပွဲကို ပိုမိုပြင်းထန်စေရန် လုပ်ဆောင်လိုက်သည်။

ယူကရိန်းလူမျိုးအေးဂျင့်ဆီလက်က “ဂွာဒီယိုလာက သူ့အကြောင်းပဲ သူစဉ်းစားတယ်။ သူ့ကိုယ်သူ နတ်ဘုရားထင်နေတယ်။ ဘာစီလိုနာနဲ့အတူ သူ ဆုဖလားတွေအများကြီးရခဲ့ပါတယ်။ ဒါပေမဲ့ တိုရေးလည်း ဆုဖလားအရေအတွက်အတူတူကို ဘာစီလိုနာနဲ့ ရခဲ့တာပဲ။

အခုဆိုရင် ဂွာဒီယိုလာက အရာရာတိုင်းကိုသူအနိုင်ရတယ်ထင်ပြီး သူလုပ်ချင်တာကို လုပ်နိုင်တယ်ထင်နေတယ်။ ကျွန်တော့် အတွက်တော့ မန်စီးတီးအသင်းမှာ လက်ရှိဖြစ်နေတာတွေက အံ့သြစရာပါ။

ဘာကြောင့်လည်းဆိုတော့ တိုရေး၊ ဂျိုးဟတ်တို့ဟာ အသင်းမှာနှစ်ပေါင်းများစွာကစားခဲ့ကြတယ်။ ကွန်ပနီလည်း ကစားခဲ့တယ်။ နည်းပြသစ်ရောက်လာပြီး ဘာဖြစ်သွားလဲမသိတော့ဘူး။ အဲဒီကစားသမားတွေက ခွေးတွေလိုပဲဖြစ်သွားတယ်”ဟု ပြောသည်။

တိုရေးကိုချန်လှပ်ထားခြင်းနှင့်ပတ်သက်ပြီး ဂွာဒီယိုလာက “အေးဂျင့်ဖြစ်သူက သူ့ကစားသမား ကစားခွင့်မရတာနဲ့ပတ်သက်ပြီး မီဒီယာတွေကို ထပ်တလဲလဲပြောနေတာမျိုးကို နည်းပြတစ်ယောက်အနေနဲ့ ကျွန်တော်လက်မခံနိုင်ပါဘူး။ သူ့ပါးစပ်မပိတ်မခြင်း တိုရေး ကစားခွင့်ရမှာ မဟုတ်ပါဘူး”ဟု ပြတ်သားစွာပြောဆိုထားသည်။

Ref; Daiy Mail

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly