လဝကရုံးကို ပြည်သူတွေက ရွံကြောက်ဖြစ်နေပြီလို့ လွှတ်တော်အမတ် ဝေဖန်

လဝကရုံးကို ပြည်သူတွေက ရွံကြောက်ဖြစ်နေပြီလို့ လွှတ်တော်အမတ် ဝေဖန်
ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်၊ ပြည်သူ့လွှတ်တော်အမတ် ဒေါက်တာခင်မောင်မောင်

နေပြည်တော်(စက်တင်ဘာ ၂၁ရက်၊ ၂၀၁၆ခုနှစ်)။ ။ လူဝင်မှုကြီးကြပ်ရေးရုံးတွင် နိုင်ငံသားစိစစ်ရေးကတ်ပြား လျှောက်ထားရာတွင် အချိန်ကြန့်ကြာမှုများရှိနေခြင်းနှင့် ဝန်ထမ်းအချို့၏ လာဘ်စားမှုများရှိနေခြင်းအပေါ် ပြည်သူ့လွှတ်တော်အမတ်ဖြစ်သူ ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်မှ ဒေါက်တာခင်မောင်မောင်က ဝေဖန်လိုက်သည်။

“ပြည်သူတွေက လဝကရုံးကို ကြောက်နေပြီ။ ရွံကြောက်တွေ ဖြစ်နေပြီ။ မသွားရင်လည်း မဖြစ်ဘူး။ သွားရင်လည်း ပိုက်ဆံပေးရတယ်” ဟု ဒေါက်တာခင်မောင်မောင်က စက်တင်ဘာ ၂၁ရက်တွင်ပြုလုပ်သည့် ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် ဝေဖန်ပြောဆိုသည်။

မှတ်ပုံတင်ရှိထားပြီးသား နိုင်ငံသားမိဘနှစ်ဦးက မွေးဖွားလာသည့် သား၊ သမီးများသည် ဥပဒေအရ အလိုအလျောက် နိုင်ငံသားဖြစ်ရမည် ဖြစ်သော်လည်း မှတ်ပုံတင်သွားလျှောက်သည့်အခါ လဝကရုံးက သွေးနှောပြန်လည်စိစစ်သည်ဆိုသည့် အကြေင်းပြချက်ဖြင့် ကြန့်ကြာနေခြင်းကြောင့် ဝန်ကြီးဌာနက သွေးနှောပြန်လည်စိစစ်ရန် ညွှန်ကြားထားခြင်းရှိ၊ မရှိ လွှတ်တော်တွင် ဒေါက်တာခင်မောင်မောင်က မေးမြန်းခဲ့သည်။

၁၄/ဝခမ(နိုင်) ကိုင်ဆောင်ထားသည့် မိဘနှစ်ဦး၏ သမီးသုံးဦးအနက် အငယ်ဆုံးသမီးဖြစ်သူက မှတ်ပုံတင်လျှောက်ထားရာတွင် လဝကရုံးက သွေးနှောပြန်လည်စိစစ်ရမည်ဟူသည့် အကြောင်းပြချက်ဖြင့် အချိန်ခြောက်လကြာချိန်အထိ မှတ်ပုံတင်ထုတ်မပေးကြောင်း၊ သမီးအလတ်ဖြစ်သူမှာမူ မှတ်ပုံတင်တွင် လက်မှတ်ထိုးပေးသည့် ဦးစီးမှူးကို ငွေတစ်သိန်းပေးပြီး မှတ်ပုံတင်လုပ်ခဲ့ရကြောင်း ဒေါက်တာခင်မောင်မောင်က ၎င်း၏ မဲဆန္ဒနယ်အတွင်းရှိ မိသားစုတစ်ခု၏ အခြေအနေကိုဥပမာပေးပြီး လွှတ်တော်တွင် ပြောသည်။

ဒေါက်တာခင်မောင်မောင်၏ မေးမြန်းချက်အပေါ် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနဝန်ကြီး ဦးသိန်းဆွေက လာရောက်ဖြေကြားခဲ့ပြီး မှတ်ပုံတင်ပြုလုပ်ရာတွင် သွေးနှောဖြစ်သဖြင့် ပြန်လည်စိစစ်ရန် ညွှန်ကြားထားကြောင်း ဖြေကြားခဲ့သည်။

“မိဘနှစ်ပါးအား ထုတ်ပေးထားတဲ့နိုင်ငံသားကတ်ပြားများဟာ ဥပဒေနဲ့အညီ ထုတ်ပေးထားခြင်းရှိ၊ မရှိ အထောက်အထားများနဲ့ စိစစ်ပြီးမှသာ ထုတ်ပေးနိုင်မှာ ဖြစ်ပါတယ်” ဟု ဦးသိန်းဆွေက ပြောသည်။

ဝန်ကြီးဦးသိန်းဆွေ၏ ဖြေကြားမှုအပြီးတွင် ဒေါက်တာခင်မောင်မောင်က “ရှေ့ကလူတွေလည်း ထုတ်ပေးပြီးပြီ။ အငယ်ကျမှ အခုလိုထပ်လုပ်တယ်။ ဒါဟာ ပုဂ္ဂိုလ်တစ်ယောက်ထဲကို ကျွန်တော်ဦးတည်ပြီးပြောတာ မဟုတ်ပါဘူး။ ဒီလိုကိစ္စမျိုးတွေ ကျွန်တော်တို့ကိုတိုင်တာ တိုင်စာ(၃၀)လောက်ရှိတယ်” ဟု ထပ်ဆင့်မေးမြန်းစဉ် ပြောဆိုသည်။

မှတ်ပုံတင်ရှိပြီးသား မိဘနှစ်ဦး၏ သား၊ သမီးများကို သွေးနှောစိစစ်ရန် ညွှန်ကြားထားခြင်းသည် လဝကဝန်ထမ်းများအတွက် အဂတိလိုက်စားရန် အခွင့်အလမ်းကဲ့သို့ ဖြစ်နေသည်ဟု ပြည်သူ့လွှတ်တော်ဥက္ကဌ ဦးဝင်းမြင့်က မှတ်ချက်ပြုသည်။

“အောက်ခြေမှာ စိတ်နေ၊ စိတ်ထား မပြောင်းချင်တဲ့သူအချို့က အဲ့ဒါကို အခွင့်အရေးတစ်ရပ်လိုယူပြီး အသုံးချတော့ ပြည်သူလူထုက ဒုက္ခရောက်တယ်။ ပြဿနာဖြစ်တယ်။ ဒါကြောင့် သေသေချာချာ ပြန်လည်စိစစ်ပေးပါ။ ညွှန်ကြားချက်ကို အသုံးချပြီး လုပ်နေတာတွေရှိတယ်လို့ ဝန်ကြီးဌာနကို အသိပေးပါတယ်” ဟု ဦးဝင်းမြင့်က ပြောသည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly