အိမ်အကူ မိန်းကလေးများကို နှိပ်စက်သူ ကိုယ်တိုင်အဖမ်းခံ၊ အားလုံးဖမ်းမိပြီ

အိမ်အကူ မိန်းကလေးများကို နှိပ်စက်သူ ကိုယ်တိုင်အဖမ်းခံ၊ အားလုံးဖမ်းမိပြီ
Photo-Yangon Police
 

ဆယ်ကျော်သက်အရွယ် အိမ်အကူအမျိုးသမီး နှစ်ဦးညှင်းပမ်းနှိပ်စက်ခံရမှုနှင့် ပတ်သက်၍ လူကုန်ကူးမှု တားဆီး ကာကွယ်ရေးဥပဒေပုဒ်မဖြင့် တရားစွဲဆိုခံထားရသူ အင်းဝအပ်ချုပ်ဆိုင်မှ စုစုပေါင်း သုံးဦးကို ကျောက်တံတားမြို့နယ် ရဲစခန်းတွင် ဖမ်းဆီးရမိထားပြီး တစ်ဦးမှာ ကိုယ်တိုင်အဖမ်းခံခဲ့ကြောင်း ကျောက်တံတား မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးသန်းအေးက မဇ္ဈိမကိုအတည်ပြုပြောသည်။

"တင်မင်းလတ်ကတော့ ဗိုလ်အောင်ကျော်လမ်းမှာ ဖမ်းမိတယ်။ စုမွန်လတ်ကတော့ လာအဖမ်းခံတယ် စခန်းကို " ဟု ပြောသည်။

အင်းဝအထည်ချုပ်ဆိုင်မှ ပိုင်ရှင်ဖြစ်သူ ဒေါ်တင်သူဇာ အပါအဝင် ကိုတင်မင်းလတ်နှင့် မစုမွန်လတ်တို့သုံးဦးကို ဆယ်ကျော်သက်အရွယ် အိမ်အကူအမျိုးသမီး နှစ်ဦးကို ညှင်းပန်းနှိပ်စက်မှုနှင့် ပက်သက်ပြီး ကျောက်တံတား ရဲစခန်းတွင်  လူကုန်ကူးမှုတားဆီးကာကွယ်ရေးဥပဒေပုဒ်မ ဖြင့် အမှုဖွင့်ထားခြင်းဖြစ်သည်။

ကျောက်တံတားမြို့နယ်တွင် အိမ်အကူမိန်းကလေးငယ်များအား ညှင်းပန်းနှိပ်စက်ပြီး လုပ်ခလစာများမပေးခဲ့သည့် အင်းဝအပ်ချုပ်ဆိုင်ပိုင်ရှင် ဒေါ်တင်သူဇာကို ယနေ့ စက်တင်ဘာ ၂၀ရက် ည ၉နာရီ ၄၀ မိနစ်တွင် ၎င်း၏ အဒေါ်ဖြစ်သူနေထိုင်သော သင်္ဃန်းကျွန်းမြို့နယ်၊ (ခ)ရပ်ကွက်၊ ပြည်တော်သာ လမ်းရှိနေအိမ်မှ ဖမ်းဆီးရမိခဲ့ပြီး ယနေ့တွင် အဆိုပါ နှစ်ဦးကိုထပ်မံဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။

အဆိုပါ အင်းဝအပ်ချုပ်ဆိုင်ပိုင်ရှင်အပါအဝင် ၃ ဦးကို ကျောက်တံတားမြို့ရဲစခန်းတွင် (ပ)၁၉၃/၂၀၁၆၊ လူကုန်ကူးမှု တားဆီးကာကွယ်ရေးဥပဒေပုဒ်မ ၂၄/၃၂ဖြင့် အရေးယူဆောင်ရွက်လျက်ရှိပြီး လုပ်ထုံး လုပ်နည်းများအရ ဆက်လက်လုပ်ဆောင်သွားမည်ဟု ကျောက်တံတား မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးသန်းအေး ကပြောသည်။

"ရဲက အမှုစစ်တာလေ အဲ့တော့ ရဲလုပ်ထုံးလုပ်နည်းအတိုင်း ဆက်သွားရမှာပါ " ဟု ပြောသည်။

အဆိုပါ ဆယ်ကျော်သက် အိမ်အကူ မိန်းကလေး နှစ်ဦးမှာ ဒေါ်အောင်ဆန်းစုကြည်၏ မဲဆန္ဒနယ်ဖြစ်သည့် ကော့မှူးမြို့နယ်မှ ၁၇ နှစ်နှင့် ၁၆ နှစ်အရွယ် မစန်းကေခိုင်၊ မသဇင်တို့ ဖြစ်သည်။

မစန်းကေခိုင်တွင် လက်ချောင်းဆယ်ချောင်းကျိုးသည့် ဒဏ်ရာများ၊ ညာလက်မောင်းရိုးကျိုးဒဏ်ရာ၊  လည်ပင်းတွင် ကတ်ကြေးဖြင့် ထိုးထားသည့် ဒဏ်ရာ၊ အရေပြားပေါ်တွင် မီးရှို့ခံရသည့် ဒဏ်ရာများ၊ များရရှိနေပြီး  မသဇင်၏ နှာခေါင်းပေါ်ရှိ အစင်းလိုက်ရှိနေသော ဒဏ်ရာသည် ဓားဖြင့် ခုတ်ထားခြင်းဖြစ်သည်ဟု အဆိုပါ အိမ်အကူမိန်းကလေးနှစ်ဦးက စက်တင်ဘာ ၁၇ ရက်က ကော့မှူးမြို့နယ် ဖျံရွာကျေးရွာတွင် သတင်းထောက်များနှင့် တွေ့ဆုံစဉ် ပြောဆိုခဲ့သည်။

မြန်မာနိုင်ငံ လူ့အခွင့်အရေးကော်မရှင်၏ ဝင်ရောက်ညှိနှိုင်းပေးမှုဖြင့်  လက်ချောင်း ဆယ်ချောင်းလုံး ကျိုးသွားသူ မစန်းကေခိုင်အတွက် လပေါင်းများစွာ မပေးရသေးသည့် လုပ်အားခများအပါအဝင် နစ်နာကြေး သိန်း ၄ဝ၊ ကတ်ကြေးဒဏ်ရာ၊ ဓားဒဏ်ရာများ ရရှိခဲ့သည့် မသဇင်အတွက် မပေးရသေးသည့် လုပ်အားခများအပါအဝင် နစ်နာကြေး ၁ဝ သိန်း ပေးအပ်သည်ကို လက်ခံ ရရှိကြောင်း နှစ်ဘက် လက်မှတ်ထိုး ညှိနှိုင်းခဲ့သည်။

စက်တင်ဘာ ၁၅ ရက်နေ့တွင် မြန်မာနိုင်ငံလူ့အခွင့်ရေးကာ်မရှင်နှင့် ညှိနှိုင်းလက်မှတ်ရေးထိုးပြီး ၅ရက်အကြာ မြန်မာနောင်း (Myanmar Now)  သတင်းဌာနမှ ဖော်ပြခဲ့ပြီး ဆယ်ကျော်သက်ရွယ် အိမ်အကူအမျိုးသမီးနှစ်ဦး ညှင်းပမ်း နှိပ်စက်ခံရမှုအတွက်  ဥပဒေ နည်းလမ်းအတိုင်းလုပ်ဆောင်ရန် ရန်ကုန်တိုင်းရဲတပ်ဖွဲ့နှင့် ပြည်ထဲရေး ဝန်ကြီးဌာနကို အကြံပြုတိုက်တွန်းစာပေး ပို့သွားမည်ဖြစ်ကြောင်း အမှုလိုက်ပါဆောင်ရွက်ပေးသူ ကိုဆွေဝင်းက ပြောကြားထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly