ရင်းနှီးမြှုပ်နှံသူများ၏ ယုံကြည်မှုပိုရစေရန် ရေးဆွဲထားသည့် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုဥပဒေကြမ်း လွှတ်တော်တင်

ရင်းနှီးမြှုပ်နှံသူများ၏ ယုံကြည်မှုပိုရစေရန် ရေးဆွဲထားသည့် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုဥပဒေကြမ်း လွှတ်တော်တင်

နေပြည်တော်(စက်တင်ဘာ ၂၀ရက်၊ ၂၀၁၆ခုနှစ်)။ ။ ပြီးခဲ့သည့် အစိုးရသက်တမ်းအတွင်း ပြဌာန်းခဲ့သည့်

နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဥပဒေနှင့် မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှုဥပဒေတို့ကို ပေါင်းစပ်ရေးဆွဲထားသည့် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုဥပဒေကြမ်းအား ဥပဒေအဖြစ်ပြဌာန်းပေးရန် အစိုးရက စက်တင်ဘာ ၂၀ရက်၊ ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် တင်သွင်းလိုက်သည်။

ယင်းဥပဒေကြမ်းအား စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက လွှတ်တော်သို့ တင်သွင်းခဲ့ခြင်းဖြစ်ပြီး “မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုဥပဒေသစ်ပြဌာန်းခြင်းအားဖြင့် ရင်းနှီးမြှုပ်နှံသူများရဲ့ ယုံကြည်မှုကို ပိုမိုဖြစ်ပေါ်စေပြီး ၎င်းမှတစ်ဆင့် တိုင်းပြည်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်စေရန် ပိုမိုအထောက်အကူပြုမည်ဖြစ်ပါသဖြင့် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုဥပဒေကြမ်းကို ပြည်သူ့လွှတ်တော်မှ လက်ခံဆွေးနွေးပေးနိုင်ပါရန် တင်သွင်းအပ်ပါတယ်” ဟု ဥပဒေကြမ်းတင်သွင်းစဉ် ဦးမောင်မောင်ဝင်းက ပြောသည်။

“ဒီဥပဒေဟာ သဘာဝပတ်ဝန်းကျင်နဲ့ လူမှုပတ်ဝန်းကျင်ကို ထိခိုက်မှုမရှိသော တာဝန်ယူမှုရှိသည့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်အောင် ရေးဆွဲထားပါတယ်” ဟုလည်း ဦးမောင်မောင်ဝင်းက လွှတ်တော်တွင် ပြောသည်။

ဥပဒေကြမ်းနှင့်ပတ်သက်ပြီး တွေ့ရှိချက်များကို ပြည်သူ့လွှတ်တော်၏ ဥပဒေကြမ်းကော်မတီကလည်း လွှတ်တော်သို့ အစီရင်ခံတင်ပြခဲ့သေးသည်။

မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုဥပဒေကြမ်းသည် ရင်းနှီးမြှုပ်နှံသူများ၏ ယုံကြည်မှုကို ပိုမိုရရှိစေရန်နှင့် ၎င်းတို့မှတဆင့် တိုင်းပြည်ဖွံ့ဖြိုးတိုးတက်စေရေးကို ပိုမိုအထောက်အကူဖြစ်စေရန်၊ နိုင်ငံတကာနှင့် ဒေသတွင်း သဘောတူညီချက်များပါ ပြဌာန်းချက်များနှင့်အညီ လိုက်လျောညီထွေမှု ရှိစေရန်၊ နည်းပညာဖွံ့ဖြိုးတိုးတက်စေရန်၊ စက်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန်နှင့် နိုင်ငံတကာ စံနှုန်းနှင့်ညီသော စီးပွားရေးလုပ်ငန်းများနှင့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ပေါ်ထွန်းလာစေရန်စသည့် ရည်ရွယ်ချက်ကောင်းများဖြင့် ရေးဆွဲတင်သွင်းလာကြောင်း တွေ့ရှိရသည်ဟု ဥပဒေကြမ်းကော်မတီဝင် ဦးနေမျိုးထွန်းက လွှတ်တော်သို့ အစီရင်ခံခဲ့သည်။

အခန်းပေါင်း ၂၃ခန်းနှင့် ပုဒ်မ ၁၀၄ခုပါဝင်သည့် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုဥပဒေကြမ်းကို လက်ခံဆွေးနွေးရန် လွှတ်တော်က သဘောတူလိုက်ပြီး ဥပဒေကြမ်းပါ ပြဌာန်းချက်များနှင့်ပတ်သက်ပြီး လွှတ်တော်အမတ်များက ဆက်လက်ဆွေးနွေးသွားမည်ဖြစ်သည်။

 

 

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly