ယာဉ်အန္တရာယ်ရှိသည့် နေရာအတိအကျ တင်ပြလာပါက စိစစ်ဆောင်ရွက်ပေးမယ်လို့ဆို

ယာဉ်အန္တရာယ်ရှိသည့် နေရာအတိအကျ တင်ပြလာပါက စိစစ်ဆောင်ရွက်ပေးမယ်လို့ဆို
ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဖြစ်သူ ဗိုလ်ချုပ်အောင်စိုး ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် ဖြေကြားနေစဉ်(ဓာတ်ပုံ- မင်းမင်း/မဇ္ဈိမ)

နေပြည်တော်(စက်တင်ဘာ ၁၉ရက်၊ ၂၀၁၆ခုနှစ်)။ ။ ယာဉ်အန္တရာယ်ရှိနေသည့် လမ်းပိုင်းကို ပြည်သူများအနေဖြင့် နေရာအတိအကျတင်ပြလာပါက ဥပဒေပြဌာန်းချက်များနှင့်အညီ စိစစ်ဆောင်ရွက်ပေးမည်ဟု ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဖြစ်သူ ဗိုလ်ချုပ်အောင်စိုးက ပြောဆိုလိုက်သည်။

"မြေပြင်အနေအထားများကြောင့် ယာဉ်မတော်တဆမှု၊ ပျက်စီးဆုံးရှုံးမှု၊ သေဆုံးမှုများရှိခဲ့ရင် ဆောင်ရွက်ပေးရန် လိုအပ်တဲ့နေရာတွေ ရှိလို့ရှိရင် နေရာအတိအကျဖော်ပြပြီး သက်ဆိုင်ရာတိုင်းဒေသကြီး၊ ပြည်နယ်အစိုးရများကို အကြောင်းကြားလာပါကလည်း ဥပဒေပြဌာန်းချက်များနှင့်အညီ စိစစ်ဆောင်ရွက်ပေးသွားမှာဖြစ်ကြောင်း
ပေါင်းစပ်ညှိနှိုင်းဖြေကြားချက်များအပေါ် ပြန်လည်ရှင်းလင်းဖြေကြားအပ်ပါတယ်" ဟု ဗိုလ်ချုပ်အောင်စိုးက ပြောသည်။

အများပြည်သူသွားလာနေသည့် ကားလမ်းမကြီးများ၏ လမ်းကွေ့များတွင် ခြုံနွယ်များပိတ်နေခြင်း၊ လမ်းညွှန်ဆိုင်းဘုတ်များ မရှိခြင်းနှင့် လမ်းညွှန်ဆိုင်းဘုတ်ရှိသော်လည်း ခြုံနွယ်များ၊ သစ်ပင်များဖြင့် ကွယ်နေသောကြောင့် ယာဉ်တိုက်မှုများ ဖြစ်ပေါ်နေရသည့်အပေါ် လွှတ်တော်အမတ်တစ်ဦး၏ မေးမြန်းချက်အား ပြည်ထဲရေးဒုဝန်ကြီးက အထက်ပါအတိုင်း
ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။

ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်မှ ပြည်သူ့လွှတ်တော်အမတ် ဦးဇော်မင်းသိန်းက မိုင်ပေါင်း ၁၀၀ကျော်ရှည်လျားသည့် ပုသိမ် - ရန်ကုန်ကားလမ်းမကြီးကို ဥပမာပေးကာ "လမ်းအကွေ့တွေမှာ အပင်တွေက ကွယ်နေတဲ့အတွက် တစ်ဖက်ကလာတဲ့ယာဉ်ကို မမြင်ရဘူးဖြစ်နေပါတယ်။ တချို့နေရာတွေမှာ လမ်းညွှန်ဆိုင်းဘုတ်တွေမရှိတာ တွေ့ရပါတယ်။ အချို့နေရာတွေမှာ
လမ်းညွှန်ဆိုင်းဘုတ်ရှိသော်လည်း ခြုံနွယ်တွေနဲ့ ပိတ်နေပါတယ်။ ဘယ်လိုညွှန်ပြထားတယ်ဆိုတာ မသိရတဲ့ အနေအထားဖြစ်ပါတယ်" ဟု စက်တင်ဘာ ၁၉ရက်က ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် မေးခွန်းမေးမြန်းခဲ့သည်။

ယာဉ်မတော်တဆမှုများကို လေ့လာကြည့်ပါက ယာဉ်မောင်းက မဆင်မခြင်မောင်းနှင်ခြင်း၊ စက်ယန္တယားချို့ယွင်းခြင်းနှင့် လမ်းအခြေအနေကြောင့် ယာဉ်မတော်တဆမှုဖြစ်ခြင်းဟူ၍ သုံးမျိုး တွေ့ရှိရပြီး "လမ်းကြောင့် ယာဉ်တိုက်မှုဖြစ်တာကတော့ ဝန်ကြီးဌာနမှာ တာဝန်ရှိပါတယ်။ အရှိန်နဲ့ သွားနေပြီးတော့မှ ရုတ်တရက်တွေ့လိုက်ရတဲ့အနေအထားဟာ အင်မတန်မှ
ယာဉ်တိုက်မှုကို ဖြစ်စေနိုင်ပါတယ်" ဟု ဦးဇော်မင်းသိန်းက လွှတ်တော်တွင် ပြောသည်။

လွှတ်တော်အမတ် ဦးဇော်မင်းသိန်း၏ မေးမြန်းချက်အပေါ် ပြည်ထောင်စုအစိုးရအဖွဲ့ကိုယ်စားလာရောက်ဖြေကြားခဲ့သည့် ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးက ယာဉ်တိုက်မှုအများဆုံးဖြစ်သည့် နေရာများ၊ ယာဉ်မတော်တဆမှုအများဆုံးဖြစ်သည့် အန္တရာယ်ရှိနေရာများအား လမ်းအန္တရာယ်ကင်းရှင်းစေရေး စိစစ်အကဲဖြတ်နိုင်ရန် သက်ဆိုင်ရာ တိုင်းနှင့်ပြည်နယ်အစိုးရများထံ ညွှန်ကြားချက်များထုတ်ပြန်ဆောင်ရွက်သွားမည်ဖြစ်သည်ဟုလည်း ဆိုသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required