စီမံချက်ငါးရက်အတွင်း စည်းကမ်းမဲ့ယာဉ် တစ်ထောင်ကျော်ဖမ်းမိ

စီမံချက်ငါးရက်အတွင်း စည်းကမ်းမဲ့ယာဉ် တစ်ထောင်ကျော်ဖမ်းမိ
ရန်ကုန်မြို့ ပန်းပဲတန်းမြို့နယ် မဟာဗန္ဓုလလမ်း လမ်းပေဓရှိ မော်တော်ယာဉ်များအား ၂၀၁၄ ခုနှစ် သြဂုတ်လ ၁၅ ရက်ကတွေ့ရစဉ်။ ဓာတ်ပုံ - မဇ္ဈိမ

ရန်ကုန်၊ စက်တင်ဘာ ၉ ။             ။ ရန်ကုန်မြို့တွင်းရှိ စည်းကမ်းမဲ့ ယာဉ်များကို စီမံချက်ဖြင့် ဖမ်းစီးခဲ့ရာ စက်တင်ဘာ ၁ ရက် မှ  ၅ ရက်ထိ စည်းကမ်းမဲ့ ယာဉ် ၁၀၀၀ ကျော် ဖမ်းစီးရမိခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာ ပိုင်အဖွဲ့ အတွင်းရေးမှူး ဒေါက်တာ မောင်အောင်က ပြောသည်။

 “ နေရာပေါင်းစုံပဲ အဓိကက ပြည်လမ်းနှင့် ကမ္ဘာအေးဘုရားလမ်းကတော့အဓိကပဲ ဖမ်းမိတာ ၅ ရက်အတွင်း ၁၀၁၄ စီးလောက်ရှိတယ် "ဟု ဒေါက်တာမောင်အောင်က ပြောသည်။

စည်းကမ်းမဲ့ ယာဉ်များကို ဖမ်းဆီးအရေးယူရာတွင် ပိုမိုထိရောက်ရန် ဌာနပေါင်းစုံပါဝင်သည့် အဖွဲ့ တစ်ခုက မြို့နယ် စည်ပင်သာယာရေး ကော်မတီ၊ မထသ ၊ မြို့နယ်အုပ်ချုပ်ရေးမှူးများဖြင့် ဖွဲ့စည်းဆောင်ရွက်နေခြင်းဖြစ်သည်။

ယာဉ် မရပ်ရသည့် နေရာတွင် ရပ်သည့်ကား၊ မကွေ့ရသည့် နေရာတွင်ကွေ့သည့်ကား၊ လမ်းပြောင်းပြန် မောင်းနှင်မှုနှင့် အရှိန်လွန်မောင်းနှင်မှုများကို ဌာနပေါင်းစုံပါသည့် ယာဉ်စည်း ကမ်းထိန်းသိမ်းရေးအဖွဲ့နှင့် ယာဉ်ထိန်းရဲတပ်ဖွဲ့တို့ ပူး ပေါင်းဖမ်းဆီး ဆောင်ရွက်နေခြင်း ဖြစ်သည်။  

ဖမ်းစီးရမိသည့် ယာဉ်များကို တရားရုံးသို့တင်ပို့မည်ဖြစ်ပြီး တရားသူကြီးမှ ဆုံးဖြတ်မည့် စီမံချက်ဖြစ်သည့် အတွက် ဒဏ်ကြေးငွေမှာ ယခင်ကထက်ပိုမည်ဖြစ်ကြောင်း ဒေါက်တာမောင်အောင်က မဇ္ဈိမက ိုပြောသည်။

စီမံချက်ဖြင့် စီးကမ်းမဲ့ယာဉ်များဖမ်းစီးခြင်းကို စတင်ဘာ ၁ ရက်မှ စတင်ကာ လကုန်ထိဆောင်ရွက်သွားဦးမည်ဟု ၎င်း က ပြောသည်။

၂၀၁၅ စက်တင်ဘာလ ၇ ရက်တွင် အတည်ပြုလိုက်သည့် မော်တော်ယာဉ် ဥပဒေတွင် ယခင် ၁၉၆၄ မော်တော်ယာဉ် ဥပဒေတွင် ပါရှိသည့် ဒဏ်ငွေ ၁၅၀၀ ကို ၃၀၀၀၀ နှင့် ၅၀၀၀၀ အထိ တိုးမြှင့်သတ်မှတ်ထားခြင်း ဖြစ်သည်။

ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ အနေနှင့် မထသ ဗဟို ကို ဖျက်သိမ်း ကာ ရန်ကုန်တစ်မြို့လုံးတွင် ယာဉ်လိုင်း ၅၀ သာထားရှိရန်     ဆောင်ရွက်နေသည့်အပြင် လက်ရှိအချိန်ထိ ယဉ်လိုင်း ၂၆ လိုင်းကို ဖျက်သိမ်းပြီးဖြစ်ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required