နယူးယော့ခ် ၊ စက်တင်ဘာ ၅ ။ ။ သီတင်းပတ်ကုန်က လူမှုရေးမီဒီယာတွင် နာမကျန်းဖြစ်ကာ ကွယ်လွန်သွားပြီဟု လိမ်လည်လှည့်ဖျားသည့် သတင်းများ ပျံ့နှံ့ခဲ့ပြီးနောက် မင်းသားကြီး ဆေးလ်ဗားစတား စတားလုံးက စက်တင်ဘာ ၄ရက်တွင် လက်ဝှေ့ချန်ပီယံ ဆာဂေးခရက်ရှာကိုဗ်ဇာလက်ဗ် နှင့်အတူ တွဲရိုက်ထားသော ဓာတ်ပုံကို အင်စတာဂရမ်တွင် တင်ကာ ကျန်းမာစွာရှိကြောင်း ပရိတ်သတ်များကို ပြသခဲ့သည်။
ဆေးလ်ဗားစတား စတားလုံး ကွယ်လွန်သွားပြီဟူသော လိမ်လည် လှည့်ဖျားသော သတင်းကြောင့် ပရိသတ်များ အံသြထိတ်လန့်ခဲ့ရသည်။
စီအင်န်အင်န် သတင်းဝက်ဆိုဒ်အတုတွင် စက်တင်ဘာ၄ရက်က စတားလုံး ကွယ်လွန်သွားပြီဟူသော လိမ်လည်လှည့်ဖျားသော သတင်းကြောင့် တွစ်တာပေါ်တွင် ပရိတ်သတ်များ ဝမ်းနည်း ကြေကွဲခဲ့ကြသည်။ ပရိသတ်များက လိမ်လည်လှည့်ဖျားသော သတင်းကို မျှဝေယူခဲ့မှုကြောင့် ယင်းသတင်းသည် ဖေ့စ်ဘွတ်ခ် စာမျက်နှာတွင် လျင်မြန်စွာ ပျံ့နှံ့ခဲ့သည်။
သို့ရာတွင် စတားလုံးက စက်တင်ဘာ ၄ရက်တွင် လက်ဝှေ့ချန်ပီယံနှင့်အတူ ရိုက်ထားသော ဓာတ်ပုံကို တင်ကာ ၎င်းကျန်းမာစွာ အသက်ရှင်ရှိနေကြောင်းကို ပရိသတ်များကို သက်သေပြခဲ့သည်။
ကွယ်လွန်သွားပြီဟု လိမ်လည်လှည့်ဖျားသော သတင်းဖြင့် စတာလုံး တိုက်ခိုက်ခံရမှုသည် ပထမဆုံးအကြိမ် မဟုတ်ကြောင်း နှင့် လွန်ခဲ့သည့် နှစ်နှစ်ကလည်း ယာဉ်တိုက်မှုကြောင့် စတားလုံး သေဆုံး သွားပြီဟူသော အလားတူ လိမ်လည်လှည့်ဖျားသည့် သတင်းများ ဖြန့်ဝေခဲ့မှုနှင့် ကြုံတွေ့ခဲ့ရသည်။