မြန်မာ့ပြုပြင်ပြောင်းလဲရေးအပေါ် လေးစားမှုရှိသည့် မိတ်ဖက်အဖြစ် ရပ်တည်မည်ဟု ဘန်ကီမွန်းပြော

မြန်မာ့ပြုပြင်ပြောင်းလဲရေးအပေါ် လေးစားမှုရှိသည့် မိတ်ဖက်အဖြစ် ရပ်တည်မည်ဟု ဘန်ကီမွန်းပြော
(ဓာတ်ပုံ- ဟောင်ဆာ(ရာမည)/မဇ္ဈိမ)

နေပြည်တော်(ဩဂုတ် ၃၁၊ ၂၀၁၆ခုနှစ်)။            ။ ကုလသမဂ္ဂအနေဖြင့် မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးဖြစ်စဉ်နှင့် ပြုပြင်ပြောင်းလဲရေးအပေါ် လေးစားမှုရှိသည့် မိတ်ဆက်အဖြစ် ဆက်လက်တည်ရှိသွားမည်ဖြစ်ကြောင်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းက ပြောကြားလိုက်သည်။

"ငြိမ်းချမ်းရေးဖြစ်စဉ် တစ်စထက်တစ်စ နက်ရှိုင်းလာသည်နှင့်အမျှ ကုလသမဂ္ဂဟာ မြန်မာနိုင်ငံအပေါ် လေးစားမှုရှိတဲ့ မိတ်ဖက်အဖွဲ့အစည်းတစ်ခုအဖြစ် ဆက်လက်တည်ရှိသွားမှာဖြစ်ကြောင်း   ပြောကြားလိုပါတယ်" ဟု အစိုးရသစ်လက်ထက်တွင် ပထမဆုံးစတင်ကျင်းပသည့် သမိုင်းဝင် ၂၁ရာစုပင်လုံညီလာခံတွင် တက်ရောက်စကားပြောကြားသည့် မစ္စတာ ဘန်ကီမွန်းက ပြောသည်။

ငြိမ်းချမ်းရေးလုပ်ငန်းစဉ်သည် သိမ်မွေ့မှုကို အခြေခံလျက် ပျော့ပြောင်းစွာလုပ်ဆောင်ရမည်ဖြစ်ပြီး အပစ်ရပ်စာချုပ်လက်မှတ်ရေးထိုးထားသော လက်နက်ကိုင်အဖွဲ့အစည်းများကိုသာမက လက်မှတ်မထိုးသေးသည့် အဖွဲ့အစည်းများကိုပါ လေးစားမှုရှိရန်လိုအပ်သည်ဟုလည်း ဆိုသည်။

ရေရှည်တည်တံ့သည့်အဖြေများရရှိရန် စစ်မှန်သော တိုင်ပင်ဆွေးနွေးမှုများရှိရန် လိုအပ်သလို တွေ့ဆုံဆွေးနွေးသည့်အဆင့်တိုင်းတွင် ပါဝင်သည့် ကိုယ်စားလှယ်အရေအတွက်၏ အနည်းဆုံး ၃၀ရာခိုင်နှုန်းအား အမျိုးသမီးများဖြင့် ဖွဲ့စည်းရန်လည်း မစ္စတာဘန်ကီမွန်းက တိုက်တွန်းပြောကြားခဲ့သေးသည်။

နေပြည်တော်တွင် အနည်းဆုံး လေးရက်ကြာကျင်းပမည့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ- ၂၁ရာစုပင်လုံသို့ အစိုးရ၊ လွှတ်တော်၊ တပ်မတော်၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့် အရပ်ဖက်အဖွဲ့အစည်းများ စုစုပေါင်း လူဦးရေ ၁၆၀၀ခန့် တက်ရောက်လျက်ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly