သြဂုတ် ၃၁ ။ ။ ပင်လယ်ပြင်ကျွန်းစုများအရေး တရုတ်နှင့် နယ်မြေအငြင်းပွားမှုများ အရှိန်မြင့်လာနေချိန်တွင် သင်္ဘောပစ် ဒုံးလက်နက်စနစ်တစ်ခု ချထားနိုင်ရန် ဂျပန် ကာကွယ်ရေးဝန်ကြီးဌာနက စံချိန်တင်များပြားသည့် အသုံးစရိတ်တစ်ရပ်ကို တောင်းခံထားသည်။
ဆန်ကာကူကျွန်းစုများက ဂျပန်တို့ဘက်က မှည့်ခေါ်ထားသော အရှေ့တရုတ်ပင်လယ်တွင်းရှိ လူသူမနေသည့် ကျွန်းစုများကို တရုတ်ရန်မှ ကာကွယ်နိုင်ရန် ယခုကဲ့သို့ ရေကြောင်းလက်နက် အင်အားကို တိုးမြင့်နိုင်ရန် ဂျပန်တို့က စီစဉ်လာခြင်းဖြစ်သည်။
၂၀၁၇ ဧပြီလတွင် စတင်မည့် ဘဏ္ဍာနှစ်အတွက် ကာကွယ်ရေးအသုံးစရိတ် ယန်း ၅ ဒသမ ၁၆၈ ထရီလီယံ (ဒေါ်လာ ၅၀ ဒသမ ၁၂ ဘီလီယံ) တောင်းခံမည်ဟု ဂျပန်ကာကွယ်ရေး ဝန်ကြီးဌာနက ကြေညာသွားခဲ့သည်။ ယင်းအသုံးစရိတ် ပမာဏသည် ယခုဘဏ္ဍာနှစ် ကနဦးဘက်ဂျက်ထက် ၂ ဒသမ ၃ ရာခိုင်နှုန်းများပြားနေခြင်းလည်းဖြစ်သည်။
ကာကွယ်ရေးဝန်ကြီးဌာန၏ တောင်းဆိုသည့်အတိုင်း ဝန်ကြီးချုပ် ရှင်ဇိုအာဘေးအစိုးရအဖွဲ့က အတည်ပြုပေးလိုက်ပါက ယင်းအသုံးစရိတ် ဘက်ဂျက်သည် ငါးကြိမ်မြောက် ဆက်တိုက် စံချိန်တင် ဘက်ဂျက်ငွေ ချထားမှုတစ်ခုဖြစ်လာဦးမည်ဖြစ်သည်။
ယခု အသုံးစရိတ်ဖြင့် ရန်သူ့သင်္ဘောများကို မြေပြင်မှ ပစ်ခတ်နိုင်မည့် ဒုံးကျည်များနှင့်အတူ ဝေဟင်မှပါ ပစ်ခတ်နိုင်မည့် ဒုံးကျည်များ ထုတ်လုပ်သွားရန် ရည်ရွယ်ကြောင်း သိရသည်။