သြဂုတ် ၃၀၊ အင်္ဂလန် ။ ။ဆောက်သမ်တန်အသင်းသည် ပြင်သစ်ကလပ်လိုင်လီအသင်းမှ တောင်ပံတိုက်စစ်ကစားသမား ဆိုဖီယာနီဘူဖောကို အပြီးသတ်ခေါ်ယူနိုင်ပြီဖြစ်ကြောင်း ကြေညာခဲ့သည်။
အသက် ၂၂ နှစ်အရွယ်ရှိ ဆိုဖီယာနီဘူဖောအတွက် ဆောက်သမ်တန်အသင်းသည် ပြောင်းရွှေ့ကြေးပေါင် ၁၆ သန်း ပေးချေခဲ့ရပြီး ငါးနှစ်စာချုပ် ချုပ်ဆိုခဲ့သည်။ အဆိုပါ ပြောင်းရွှေ့ကြေးမှာ ဆောက်သမ်တန်အသင်း၏ ကလပ်စံချိန်တင် ပြောင်းရွှေ့ကြေး ဖြစ်သည်။
ဆိုဖီယာနီဘူဖောသည် ပြီးခဲ့သည့်ရာသီက လိုင်လီအတွက် ၂၉ ပွဲတွင် ၁၁ ဂိုးသွင်းယူကာ လေးဂိုးဖန်တီးပေးခဲ့ပြီး ဥရောပကလပ်အသင်းများ၏ စိတ်ဝင်စားခြင်းကို ခံခဲ့ရသည့် ထိပ်တန်းလူငယ် ကစားသမားတစ်ဦးဖြစ်သည်။
ဆောက်သမ်တန်သို့ ပြောင်းရွှေ့နိုင်သည့်အတွက် အလွန်ပျော်ရွှင်ကြောင်း၊ ဆောက်သမ်တန်တွင် ကစားသမားဘဝကို နောက်တစ်ဆင့်မြှင့်တင်နိုင်မည်ဟု ယုံကြည်ကြောင်းနှင့် ဆောက်သမ်တန်တွင် ကြီးကျယ်ခမ်းနားသည့်အရာများကို လုပ်ဆောင်ပြနိုင်မည်ဟု ယုံကြည်ကြောင်း ဘူဖောက ပြောဆိုခဲ့သည်။