သဘောကျနေသည့် မိန်းကလေး အထင်ကြီးစေရန် တိုက်ခေါင်းမိုးနှစ်ခုကို ဖြတ်ကျော်ပြခဲ့သော တက္ကသိုလ်ကျောင်းသား တိုက်ကြားထဲကျကာ ညှပ်နေခဲ့

သဘောကျနေသည့် မိန်းကလေး အထင်ကြီးစေရန် တိုက်ခေါင်းမိုးနှစ်ခုကို ဖြတ်ကျော်ပြခဲ့သော တက္ကသိုလ်ကျောင်းသား တိုက်ကြားထဲကျကာ ညှပ်နေခဲ့

သြဂုတ် ၂၄ ။         ။ အမေရိကန် နိုင်ငံ Pittsburgh တက္ကသိုလ်မှ ကျောင်းသားတစ်ဦးသည် ၎င်းသဘောကျနေသည့် မိန်းကလေး၏ အထင်ကြီးခံရစေရန်အတွက် တိုက်ခေါင်းမိုးတစ်ခုမှ တစ်ခုသို့ ဖြတ်ခုန်ပြရန် ကြိုးပမ်းခဲ့သော်လည်း မအောင်မြင်ဘဲ တိုက်နှစ်ခုကြားကျကာ လေးနာရီကြာ ညှပ်မိနေခဲ့ကြောင်း သတင်းတစ်ရပ်တွင် ဖော်ပြသည်။

အသက် ၂၂ နှစ်အရွယ်ရှိ ၎င်းတက္ကသိုလ်ကျောင်းသားမှာ အဆောက်အဦး နှစ်ခုကြား ကျဉ်းမြောင်းလှသည့် နံရံကြားတွင် ညှပ်မိနေခဲ့ရာမှ ကယ်ဆယ်ရေးသမားများက ၎င်းကို ကယ်ထုတ်နိုင်ရန် လေးနာရီကြာအချိန်ယူခဲ့ရသည်။

၎င်းကျောင်းသားနှင့် ချစ်ကြိုက်မိနေသော မိန်းကလေးတို့မှာ ယင်းတိုက်အဆောက်အအုံပေါ်သို့ အတူတွ တက်လာခဲ့ကြပြီးနောက် အမျိုးသားဖြစ်သူ ခေါင်းမိုးနှစ်ခုကြား ဖြတ်ခုန်ရန် ကြိုးစားရင်း ပြုတ်ကျသွားခဲ့ပြီးနောက် အမျိုးသမီးဖြစ်သူက ရဲသို့ အကြောင်းကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

" ကောင်လေးက ကောင်မလေးကို ခိုက်နေတယ်လို့ထင်ပါတယ်၊ အဲဒီကောင်မလေးနဲ့ ဆုံတော့ ဒီတိုက်တွေပေါ် အရေးပေါ်တိုက်ဘေးလှေကားကနေ တက်ခဲ့ကြတာပါ၊ အဲဒီမှာ ကောင်မလေး ကြွေအောင်လို့ သူက စတန့်ထွင် ခုန်ပြတာပါ၊ ဒါပေမယ့် မအောင်မြင်ဘဲ တိုက်ကြားထဲပြုတ်ကျတော့ ထွက်မရဘဲ ညပ်နေခဲ့တာပါ" ဟု ပြည်သူ့လုံခြုံရေးဌာနမှ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောသည်။

၎င်း တက္ကသိုလ်ကျောင်းသားအား ကယ်တင်နိုင်ရန် ကယ်ဆယ်ရေးသမားများက ယင်းတိုက်ပထမထပ်ရှိ စားသောက်ဆိုင် အတွင်းနံရံတစ်ခုကို အပေါက်ဖောက်ခဲ့ရပြီး ခက်ခက်ခဲခဲ ကယ်ထုတ်ခဲ့ရသည်ဟုလည်း သိရသည်။

ယင်းနောက် ၎င်းအမျိုးသားမှာ ခြေကျင်းဝတ် ကျိုးသည့် ဒဏ်ရာရရှိခဲ့သော်လည်း စိုးရိမ်စရာ မရှိခဲ့ပေ။ သို့သော်လည်း ၎င်းကို မည်သည့် ပြစ်ချက်ဖြင့် အရေးယူရမည်ကို ရဲများက စဉ်းစားနေလျက်ရှိကြောင်းနှင့် ၎င်းအမျိုးသား၏ အမည်ကို ထုတ်ဖော်ခြင်းပြုမည်မဟုတ်ကြောင်း ပြည်သူ့လုံခြုံရေးဌာနမှပင် နောက်ထပ်ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောကြားသွားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly