ဇူလိုင် ၁၁၊ ရန်ကုန်။ ။ ၂၀၁၅ မြန်မာနေရှင်နယ်လိဂ်-၂ အမှတ်ပေးဘောလုံးပြိုင်ပွဲ ပထမအကျော့ပွဲစဉ်များကို ဇွန် ၂၆ ရက်မှ စတင်ကာ ပြန်လည် ကျင်းပ နေပြီဖြစ်သော်လည်း ၂၀၁၅ ဗိုလ်ချုပ်အောင်ဆန်း ရှုံးထွက်ဖလား၊ ဒုတိယအဆင့်ပြိုင်ပွဲများ ကျင်းပရန် ရှိသောကြောင့် နေရှင်နယ်လိဂ်-၂ ဘောလုံးပွဲစဉ်များကို တစ်ပတ် ရပ်နားခဲ့သည်။
လက်ရှိအချိန်တွင် နေရှင်နယ်လိဂ်-၂ ဘောလုံးပြိုင်ပွဲ ပွဲစဉ် ၁၁ အထိ ကစားထားပြီး ပွဲစဉ် ၁၂ ပွဲစဉ်များကို လာမည့် ဇူလိုင် ၁၆၊ ၁၇၊ ၁၈ ရက်များတွင် ပြန်လည်ကျင်းပသွားမည်ဖြစ်သည်။ ၂၀၁၅ ဗိုလ်ချုပ်အောင်ဆန်း ရှုံးထွက်ဖလား၊ ဒုတိယ အဆင့် ပြိုင်ပွဲတွင် မြန်မာနေရှင်နယ်လိဂ်-၂ မှ Horizon အသင်း၊ GFA အသင်း၊ တက္ကသိုလ်လက်ရွေးစင်အသင်းနှင့် ဆောက်သမ်း အသင်းစသည့် အသင်းလေးသင်း တက်ရောက်ကစားခွင့်ရထားသည်။
ဗိုလ်ချုပ်အောင်ဆန်း ရှုံးထွက်ဖလား ပထမအဆင့် တွင် Horizon အသင်းက မောရဝတီအသင်းကို ၂-၀ ဂိုး၊ GFA အသင်းက မြဝတီအသင်းကို ၂-၁ ဂိုး၊ တက္ကသိုလ်လက်ရွေး စင်အသင်းက ငွေကြယ်ပွင့်အသင်းကို ၄-၂ ဂိုး၊ ဆောက်သမ်းအသင်းက Best United အသင်းကို ၂-၀ ဂိုးများဖြင့် အသီးသီး အနိုင်ရကာ ဒုတိယအဆင့်သို့ တက်နိုင်ခဲ့ခြင်းဖြစ်သည်။
ဗိုလ်ချုပ်အောင်ဆန်းဒိုင်း ရှုံးထွက်ဖလား ဒုတိယအဆင့်တွင် Horizon အသင်းက ရတနာပုံအသင်းနှင့် ပွဲကျပ်ကစားရမည်ဖြစ်သလို GFA အသင်းမှာလည်း ရန်ကုန်အသင်းနှင့် ပွဲကျပ်ကစားရမည် ဖြစ်သည်။ တက္ကသိုလ်လက်ရွေးစင်အသင်းက ဧရာဝတီအသင်းနှင့် ကစားရမည်ဖြစ်ပြီး ဆောက်သမ်းအသင်းမှာ မနောမြေ အသင်းနှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။