၂၀၁၆ အိုလံပစ် အမျိုးသားဘောလုံးပြိုင်ပွဲ ဆီမီးဖိုင်နယ်သို့ ဘရာဇီး၊ ဟွန်ဒူးရပ်စ်၊ ဂျာမနီနှင့် နိုက်ဂျီးရီးယားတို့ တက်ရောက်

၂၀၁၆ အိုလံပစ် အမျိုးသားဘောလုံးပြိုင်ပွဲ ဆီမီးဖိုင်နယ်သို့ ဘရာဇီး၊ ဟွန်ဒူးရပ်စ်၊ ဂျာမနီနှင့် နိုက်ဂျီးရီးယားတို့ တက်ရောက်

သြဂုတ် ၁၄၊ ရီယိုဒီဂျနေးရိုး ။            ။ ၂၀၁၆ ရီယိုအိုလံပစ် အမျိုးသားဘောလုံးပြိုင်ပွဲ ဆီမီးဖိုင်နယ်အဆင့်သို့ အိမ်ရှင် ဘရာဇီး၊ ဂျာမနီ၊ နိုက်ဂျီးရီးယားနှင့် ဟွန်ဒူးရပ်စ်အသင်းတို့ တက်ရောက်သွားခဲ့ပြီ ဖြစ်သည်။

ကွာတားဖိုင် နယ်ပွဲစဉ်များတွင် ဂျာမနီက ပေါ်တူဂီကို လေးဂိုး ဂိုးမရှိဖြင့် လည်းကောင်း၊ နိုက်ဂျီးရီးယားက ဒိန်းမတ်ကို နှစ်ဂိုး ဂိုးမရှိဖြင့်လည်းကောင်း၊ ဟွန်ဒူးရပ်စ်က တောင်ကိုရီးယားကို တစ်ဂိုး ဂိုးမရှိဖြင့်လည်းကောင်း၊ အိမ်ရှင် ဘရာဇီးက ကိုလံဘီယာကို နှစ်ဂိုး ဂိုးမရှိဖြင့်လည်းကောင်း အသီးသီးအနိုင်ရရှိခဲ့ကြခြင်း ဖြစ်သည်။

ထို့ကြောင့် ဆီမီးဖိုင်နယ်တွင် အိမ်ရှင် ဘရာဇီးနှင့် ဟွန်ဒူးရပ်စ်တို့ တွေ့ဆုံနေကြပြီး ဂျာမနီနှင့် နိုက်ဂျီးရီးယားတို့ ယှဉ်ပြိုင်ကစားကြရမည် ဖြစ်သည်။ ဆီမီးဖိုင်နယ်ပွဲစဉ်များကို လာမည့် သြဂုတ်လ ၁၇ ရက်နေ့နှင့် ၁၈ ရက်နေ့များတွင် ယှဉ်ပြိုင်ကြမည် ဖြစ်သည်။

အိုလံပစ်ရွှေတံဆိပ်ဆုကို တစ်ခါမှ မရရှိခဲ့ဖူးသည့် အိမ်ရှင်ဘရာဇီးအသင်းအတွက် ကိုလံဘီယာကို အနိုင်ရခဲ့သော ကွာတားဖိုင်နယ်ပွဲစဉ်၌ အသင်းခေါင်းဆောင်တိုက်စစ်မှူးနေမာနှင့် လူယန်တို့က အနိုင်ဂိုးများသွင်းယူပေးခဲ့ကြခြင်း ဖြစ်သည်။

ဒုတိယဂိုးသွင်းယူပေးခဲ့သည့် လူယန်က ‘နေမာက အတွေ့အကြုံရှိသူဖြစ်လို့ ပွဲကို ကောင်းကောင်းထိန်းကစားနိုင်ပါတယ်။ ဒါပေမဲ့ အခုနိုင်ပွဲအတွက် တစ်သင်းလုံးကို ချီးကျူးရမှာပါ။ ကျွန်တော်တို့ရဲ့ ရည်မှန်းချက်အိပ်မက်ကို ရောက်ရှိဖို့ လာမယ့်နောက်နှစ်ပွဲကို အာရုံစိုက်ထားပါတယ်’ ဟု ပြောဆိုခဲ့သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required