ဖူကူရှီးမား မတော်တဆမှု ဖြစ်စဉ်နောက်ပိုင်း ရပ်နားထားသည့် နျူ ကလီးယား ဓါတ်ပေါင်းဖို တစ်ခုကို ဂျပန်တို့ ပြန်လည် စတင်လည်ပတ်

ဖူကူရှီးမား မတော်တဆမှု ဖြစ်စဉ်နောက်ပိုင်း ရပ်နားထားသည့် နျူ ကလီးယား ဓါတ်ပေါင်းဖို တစ်ခုကို ဂျပန်တို့ ပြန်လည် စတင်လည်ပတ်

သြဂုတ် ၁၂ ။          ။ ၂၀၁၁ ခုနှစ် ဖူကူရှီးမား နျူ ကလီးယားမတော်တဆမှုဖြစ်ရပ် နောက်ပိုင်း နိုင်ငံတွင် အဏုမြူ စွမ်းအင် ပြန်လည်ထုတ်ယူနိုင်ရေးအတွက် ဂျပန်အစိုးရက ရပ်နားထားသည့် ဓါတ်ပေါင်းဖိုတစ်ခုကို သြဂုတ် ၁၂ ရက်တွင် ပြန်လည် စတင်လည်ပတ်ခဲ့သည်။ ဒေသခံ ပြည်သူများ၏ ကန့်ကွက်မှုများ ပြုလုပ်ထားသော်လည်း အာဏာပိုင်များဘက်က ယင်းဓါတ်ပေါင်းဖို ပြန်လည် လည်ပတ်ရန် ဆုံးဖြတ်ခဲ့သည်။

တိုကျိုမြို့အနောက်တောင်ဘက်  ကီလိုမီတာ ၇၀၀ (မိုင် ၄၃၀) အကွာ Ehime ဒေသမှ Ikata နျူကလီးယားဓါတ်အားပေးစက်ရုံရှိ ဓါတ်ပေါင်းဖို အမှတ် ၃ ကို ပြန်လည် ဖွင့်ထားလိုက်ပြီသည်ဟု သိရသည်။

၂၀၁၁ မတ်လက ဖူကူရှီးမား မတော်တဆမှုဖြစ်စဉ်နောက်ပိုင်း နိုင်ငံအဝှမ်း ပိတ်ထားခဲ့ရသည့် ဓါတ်ပေါင်းဖို ဒါဇင်ပေါင်းများစွာအနက်မှ တစ်ခုအပါအဝင်ဖြစ်သော အဆိုပါ ဓါတ်ပေါင်းဖိုမှာ လာမည့် သြဂုတ် ၂၂ ရက်တွင်မူ အပြည့်အ၀ ပြန်လည်လည်ပတ်နိုင်တော့မည်ဟု မျှော်လင့်ရသည်။

ယင်းဓါတ်ပေါင်းဖိုများကို ရပ်ဆိုင်းထားရန် ဒေသခံပြည်သူအချို့က တရားရုံးသို့ တိုင် လျှောက်ထားမှုများရှိနေသော်လည်း Ehime ဒေသ အုပ်ချုပ်ရေးမှူးနှင့် ယင်းဓါတ်ပေါင်းဖိုရှိရာ Ikata မြို့တော်ဝန်တို့က လည်ပတ်မှုပြန်စရန်ကိစ္စရပ်ကို သဘောတူခဲ့ကြသည်။

အင်အားပြင်း မြေငလျင်နှင့် ဆူနာမီလှိုင်းဒဏ်ကြောင့် နိုင်ငံအရှေ့မြောက်ပိုင်းရှိ ဖူကူရှီးမား နျူ ကလီးယားဓါတ်အားပေးစက်ရုံ မတော်တဆမှုဖြစ်စဉ်နောက်ပိုင်း နိုင်ငံရှိ ဓါတ်ပေါင်းဖိုများ ပြန်လည် လည်ပတ်ရေးကိစ္စကို ဝန်ကြီးချုပ် ရှင်ဇိုအာဘေးကလည်း တွန်းအားပေးထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required