သြဂုတ် ၆၊ ၂၀၁၆ ။ ။ မြန်မာတစ်နိုင်ငံလုံးရှိ နှုတ်ခမ်းကွဲ အားခေါင်ကွဲများအား ပထမဆုံးအကြိမ်အဖြစ် စရိတ်ငြိမ်းနှင့် အခမဲ့ ခွဲစိတ်ကုသပေးမည့် အစီအစဉ်ကို သြ ဂုတ်လ ၁၃ ရက်နေ့မှ ၂၀ ရက်နေ့ထိ (၇ ရက်ကြာ) ရန်ကုန် ပြည်သူ့ဆေးရုံကြီး ၊ မျက်နှာနှင့် မေးရိုးဌာနတွင် ပြုလုပ်သွား မည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ အခမဲ့ ခွဲစိတ်ကုသရေး အစီအစဉ်ကို ကမ္ဘောဇ အနာဂတ်အလင်းတန်းမြန်မာ ဖောင်ဒေးရှင်းမှ အဓိက ပံ့ပိုးပေးပြီး ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနနှင့် Smile Asia Medicine 2016 အဖွဲ့အစည်းတို့မှ ဦးစီး ဆောင်ရွက် ခြင်းဖြစ် သည်။
လျှောက်ထားလိုသည့် ဝေဒနာရှင်များသည် သြဂုတ်လ ၁၁ ရက်နှင့် ၁၂ ရက် နောက်ဆုံးထား ဆက်သွယ်ရမည် ဖြစ်ပြီး ၎င်းအစီအစဉ်တွင် နေ့ရက် အကန့်အသတ်ကြောင့် လူနာဦးရေကို ၁၅၀ ဦး သာလက်ခံသွားမည် ဖြစ်ကြောင်းကိုလည်း ကမ္ဘောဇဘဏ်လီမီတက် မီဒီယာဌာနတာဝန်ခံ ဦးသီဟထွန်းက မဇ္ဈိမသို့ ပြောသည်။
“ကျနော်တို့ ဒီခွဲစိတ်ကုသမယ့် လူနာတွေကို ခွဲစိတ်ကုသတဲ့ကာလတစ်လျှောက်လုံးပေါ့။ စလာတာကနေ ပြန်တာထိ လမ်းစရိတ်တွေ၊ တည်းခိုဖို့နေရာတွေ၊ အစားအသောက်တွေ၊ ခွဲတာပြုတာတွေ၊ စိတ်ပိုင်းဆိုင်ရာ တွေ ပြီးရင် ဆေးဝါး ကုန်ကျမှုအာလုံးကို ကျနော်တို့ ကမ္ဘောဇအနာဂတ် အလင်းတန်းမြန်မာဖောင်ဒေးရှင်းကနေ အကုန်အကျခံသွား မှာ ဖြစ်ပါတယ်။ ကျနော်ဖြည့်စွက်ပြောချင်တာက လူနာတစ်ယောက်တည်းကိုပဲ တာဝန်ယူ ပေးသွားမှာ မဟုတ်ပါဘူး။ လူနာ နဲ့ ပါလာတဲ့ လူနာစောင့်တစ်ယောက်ကိုလည်း အစအဆုံးတာဝန်ယူ ပေးသွား မှာ ပါ”ဟု ဦးသီဟထွန်းက ပြောသည်။
ခွဲစိတ်ကုသပေးမည့် လူနာဦးရေကို ကန့်သတ်ထားသည့်အတွက် ပထမဆုံး ကြိုတင် စာရင်းပေးသွင်းသော ဝေဒနာ ရှင် များကိုသာ လက်ခံကုသသွားမည်ဖြစ်ပြီး သတ်မှတ်ရက်နီးကပ်မှ စာရင်းပေးသွင်းသော ဝေဒနာရှင်များကို လက်ခံခွဲ စိတ် ကုသရန် အဆင်ပြေမည် မဟုတ်ဟု ၎င်းက ဆိုသည်။
ခွဲစိတ်ကုသပေးမည့် ဆရာဝန်ကြီးများမှာ ပြည်တွင်းပြည်ပမှ ဆရာဝန်ကြီးများဖြစ်ပြီး ခွဲစိတ်ကုသမှုခံယူလိုသော ဝေဒနာ ရှင်များအနေဖြင့် စာရင်းပေးသွင်းမည်ဆိုပါက ဖုန်းနံပါတ် ၀၉- ၇၈၂ ၀၉၇ ၁၅၉၊ ၀၉- ၂၆၂ ၃၇၈ ၆၁၇၊ ၀၉- ၉၇၁ ၉၂၉ ၃၉၅ သို့ ဆက်သွယ်ကာ စာရင်းပေးနိုင်ပြီဖြစ်ကြောင်း သိရသည်။