ထိုင်းနိုင်ငံ ခိုတောင်ကျွန်းတွင် ပြီးခဲ့သည့်နှစ်က ဖြစ်ပွားခဲ့သည့် ဗြိတိန်စုံတွဲအသတ်ခံရမှုတွင် တရားခံအဖြစ် စွပ်စွဲခံထားရသည့် မြန်မာရွှေ့ပြောင်းလုပ်သား နှစ်ဖက်က ရှေ့နေများ၏ ဒီအင်န်အေ သက်သေအချို့ ပြန်လည်စစ်ဆေးခွင့် လျှောက်လဲချက် အဆိုရှုံးနိမ့်ခဲ့သည်။
ပြီးခဲ့သည့်နှစ် စက်တင်ဘာလအတွင်းက ခိုတောင်ကျွန်းတွင် အသက် ၂၄ နှစ်ရှိ ဒေးဗစ်မီလာကို သတ်ဖြတ်ခြင်းနှင့် အသက် ၂၃ နှစ်ရှိ ဟန်နာကို အဓမ္မကျင့် သတ်ဖြတ်သည်ဟု စွပ်စွဲကာ မြန်မာရွှေ့ပြောင်းအလုပ်သမားနှစ်ဦးကို ဖမ်းဆီးထားခြင်းဖြစ်သည်။ ၎င်းတို့က ယင်းပြစ်မှုကို မကျုးလွန်ကြောင်း ထွက်ဆိုထားသည်။
ရဲနှင့် ဥပဒေအကျိုးဆောင်များက လူသတ်မှုမှ ဒီအင်န်အေအထောက်အထားများသည် အသက် ၂၂ နှစ်စီရှိသည့် ယင်းမြန်မာလုပ်သားနှစ်ဦးနှင့် ကိုက်ညီကြောင်း ပြောသော်လည်း တရားခံဖက်က ရှေ့နေအဖွဲ့က ရဲများက မလျော်မကန်စစ်ဆေးကာ ဖိအားပေးခြင်းကို တရားခံဖြစ်သူများက ခံနေရခြင်းဖြစ်ကြောင်း ပြောကြသည်။
တရားခံရှေ့နေများဖက်က အခင်းဖြစ်ပွားရာနေရာအနီးတစ်ဝိုက်တွင် တွေ့ရှိသည့် စီးကရက်မှ ဒီအင်န်အေနှင့် ကွန်ဒုံးမှ ဒီအင်န်အေတို့ အပါအဝင် မူခင်းဆိုင်ရာအဓိကသက်သေများကို ပြန်လည်စစ်ဆေးရန် လျှောက်ထထားကြသည်။
ဌာနဆိုင်ရာ ရဲမှူးတစ်ဦးက တရားခံရှေ့နေအဖွဲ့ကို စီးကရက်ပေါ်ရှိ ဒီအင်န်အေကို အလုံးစုံစစ်ဆေးပြီးကြောင်း ချေပပြောဆိုခဲ့ခြင်းဖြစ်သည်။