နယူးယော့ခ်၊ ဇူလိုင် ၂၃ ။ ။ ဗြိတိန်မင်းသားကြီး အစ်ဒရစ်အဲလ်ဘာက ဂျမ်းစဘွန်းအဖြစ် သရုပ်ဆောင်ရန် ၎င်းအနေဖြင့်အသက်ကြီးသွားပြီဟု ခံစားရကြောင်း ပြောကြားခဲ့သည်။
အသက် ၄၃ နှစ်အရွယ်ရှိ အစ်ဒရစ်အဲလ်ဘာသည် မင်းသားဒန်နီရဲလ်ခရက် ဂျိမ်းစဘွန်းရုပ်ရှင်ဇာတ်လမ်းတွဲမှ ထွက်ခွာခဲ့ပြီးနောက် ဂျိမ်းစဘွန်းဇာတ်ရုပ်ကို သရုပ်ဆောင်ရန် ခန့်မှန်းပြောကြားသူများက ရွေးချယ်ထားမှုတွင် တစ်ပြေးလျက်ရှိသည်။
လက်ရှိအချိန်တွင် “Star Trek Beyond” ရုပ်ရှင်ကားကြီးတွင် သရုပ်ဆောင်နေသော အဲလ်ဘာက “ ဂျိမ်းစဘွန်းဇာတ်ရုပ်ကို သရုပ်ဆောင်ဖို့ အတွက် ကျွန်တော် အသက်ကြီးနေပါပြီလို့ ထင်မိပါတယ်” ဟု ABC ရုပ်သံ၏ Good Morning America အစီစဉ်ကို ပြောကြားခဲ့သည်။
ဂျိမ်းစဘွန်းရုပ်ရှင်သမိုင်းတွင် ဂျိမ်းစဘွန်းဇာတ်ရုပ်ကို သရုပ်ဆောင်ခဲ့သည့် အသက်ကြီးဆုံးမင်းသားသည် ရိုဂျာမိုရီဖြစ်ပြီး ၁၉၇၃ ခုနှစ်က ရိုက်ကူးခဲ့သော ၎င်း၏ပထမဆုံး ဂျိမ်းစဘွန်းအဖြစ် ပါဝင်သရုပ်ဆောင်ခဲ့သော “ Live and Let Die” ရုပ်ရှင်ကားတွင် ပါဝင်သရုပ်ဆောင်ခဲ့စဉ်က အသက်မှာ ၄၅ နှစ်ရှိပြီဖြစ်သည်။
ဂျိမ်းစဘွန်းဇာတ်ကားတွင် ပါဝင်သရုပ်ဆောင်နိုင်ဖွယ်ရှိမှုနှင့်စပ်လျဉ်း၍ ဂျိမ်းစဘွန်းအဖွဲ့က ဆက်သွယ်ခြင်းမရှိသေးကြောင်း အဲလ်ဘာက ပြောကြားခဲ့သည်။
အဲလ်ဘာသည် ဒန်နီရဲလ်ခရက်၏ နေရာတွင် သရုပ်ဆောင်ရန် လူကြိုက်များနေသော မင်းသားများအနက် တစ်ဦးအပါအဝင်ဖြစ်ပြီး ခန့်မှန်းပြောကြားသူများက အဲလ်ဘာ ၊ တွမ်ဟစ်ဒဲလ်စတန် ၊ အေဒင်တူနာ နှင့် ဂျိမ်းစ်နော်တန်တို့ကို ဂျိမ်းစဘွန်းအဖြစ် သရုပ်ဆောင်ရန် ထိပ်ဆုံးက ရွေးချယ်ထားသည်။
ဂျိမ်းစဘွန်းဇာတ်ကားသစ် စတင်ထုတ်လုပ်သွားမည့် အချိန်ကို ယခုအချိန်ထိမသိရသေးပေ။ ဂျိမ်းစဘွန်းဇာတ်ကား ထုတ်လုပ်သူ ဘာဘရာ ဘရော့ကိုလီသည် လက်ရှိအချိန်တွင် “Stars Don’t Die in Liverpool” ဇာတ်ကားအပါအဝင် အခြားသော ရုပ်ရှင်များကို ထုတ်လုပ်လျက်ရှိသည်။