တိုင်ဖုန်းမုန်တိုင်း Nepartak ၀င်ရောက်တိုက်ခတ်နေသည့် ထိုင်ဝမ်တွင် နှစ်ဦးသေဆုံးပြီး ၆၆ ဦး ဒဏ်ရာရ

တိုင်ဖုန်းမုန်တိုင်း Nepartak ၀င်ရောက်တိုက်ခတ်နေသည့် ထိုင်ဝမ်တွင် နှစ်ဦးသေဆုံးပြီး ၆၆ ဦး ဒဏ်ရာရ

ဇူလိုင် ၈ ။          ။ ထိုင်ဝမ်အရှေ့ဘက်ကမ်းရိုးတန်းတွင် ဇူလိုင်လ ၈ ရက်က အင်အားပြင်း တိုင်ဖုန်းမုန်တိုင်း Nepartak ဝင်ရောက်တိုက်ခတ်နေခဲ့ရာ ယခုနောက်ဆုံးရရှိသည့် သတင်းများအရ နှစ်ဦးသေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူ ၆၆ ဦးထိ ရှိသွားပြီဖြစ်ကြောင်း သိရသည်။ အလားတူ အရေးပေါ် ကူညီကယ်ဆယ်ရေးလုပ်ငန်းများကို အင်တိုက်အားတိုက် လုပ်ဆောင်နေရလျက်ရှိသည်။

မုန်တိုင်းကြောင့် လေကြောင်းခရီးစဉ် ရာကျော်ကို ဖျက်သိမ်းထားရပြီး ရုံးများ၊ ကျောင်းများကိုလည်း ပိတ်ထားရသည်။ လူပေါင်း ၁၅,၀၀၀ သည်လည်း ၎င်းတို့၏ နေအိမ်များမှ စွန့်ခွာကာ ဘေးလွတ်ရာသို့ ခိုလှုံနေကြရသည်။

တိုင်ဖုန်းမုန်တိုင်းကြောင့် လေတိုက်နှုန်းမှာ တစ်နာရီလျင် ၁၉၈ ကီလိုမီတာ (၁၂၃ မိုင်) ထိ ရှိနေပြီး အရှေ့ဘက်ဒေသ Taitung တွင်လည်း ဒေသစံတော်ချိန် နံနက် ၆ နာရီမတိုင်ခင်က မြေပြိုမှုများဖြစ်ပေါ်ခဲ့သည်ဟု သိရသည်။

အဆိုပါ မုန်တိုင်းသည် ဇူလိုင် ၉ ရက် နံနက်ပိုင်းတွင် တရုတ်၏ Fujian ဒေသ သို့ ဆက်လက်ရွေ့လျားလိမ့်မည်ဟုခန့်မှန်းထားသည်။

ထိုင်ဝမ်တွင် ဝင်ရောက်နေခဲ့သော အဆိုပါမုန်တိုင်းကြောင့် ပို့ဆောင်ရေးလုပ်ငန်းများ ရပ်ဆိုင်းသွားခဲ့ပြီး  လျှပ်စစ်မီးပြတ်တောက်မှုများလည်း ဖြစ်ပေါ်နေလျက်ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly