ဂျက်ဒက်၊ ဇူလိုင် ၄ ။ ။ ဆော်ဒီအာရေဗျနိုင်ငံ ဂျက်ဒက်မြို့ရှိ အမေရိကန်ကောင်စစ်ဝန်ရုံးအနီးတွင် အသေခံတိုက်ခိုက်မည့်သူအဖြစ် သံသယရှိရသူတစ်ဦး ပါလာသည့် ဖောက်ခွဲရေး ပစ္စည်း ပေါက်ကွဲကာ သေဆုံးကြောင်း ဌာနေသတင်းများတွင် ဖော်ပြသည်။
အမေရိကန်ကောင်စစ်ဝန်ရုံးအနီးတွင် ရှိသော ဗလီသို့ ဦးတည်မောင်းလာသည့် ကားအတွင်းမှ ထိုတိုက်ခိုက်ရေးသမားဟု သံသယရှိရသူကို ရဲနှစ်ဦးက ဝင်ရောက်ဖမ်းဆီးစဉ် ပေါက်ကွဲမှုဖြစ်ရာ ထိုရဲနှစ်ဦး ဒဏ်ရာရကြောင်း သိရသည်။
ထိုတိုက်ခိုက်မှုက အမေရိကန်လွတ်လပ်ရေးနေ့ဖြစ်သော ဇူလိုင် ၄ ရက် အစောပိုင်းနာရီတွင် ဖြစ်ပွားခြင်းဖြစ်သည်။
ဂျက်ဒက်က အမေရိကန်ကောင်စစ်ဝန်ရုံးသည် ၂၀၀၄ ခုနှစ်အတွင်းကလည်း အကြမ်းဖက်တိုက်ခိုက်မှုတစ်ရပ် ဖြစ်ပွားခဲ့ပြီး ထိုတိုက်ခိုက်မှုတွင် လူ ကိုးဦးသေဆုံးခဲ့ရသည်။