မဇ္ဈိမ မီဒီယာနှင့် Goethe-Institut Myanmar တို့ပူးပေါင်းတင်ဆက်သည့် YOPE (ရိုပီ) လူငယ် TV အစီအစဉ်

မဇ္ဈိမ မီဒီယာနှင့် Goethe-Institut Myanmar တို့ပူးပေါင်းတင်ဆက်သည့် YOPE (ရိုပီ) လူငယ် TV အစီအစဉ်

မဇ္ဈိမမီဒီယာ နှင့် Goethe-Institut Myanmar တို့မှ အသက် ၁၅ နှစ်မှ ၂၅နှစ်အတွင်းရှိ လူငယ်များအတွက် ရည်ရွယ်ပြီး ပူးပေါင်းတင်ဆက်သည့် YOPE (ရိုပီ) လူငယ် TV အစီအစဉ်ကို ဇူလိုင် ၁ရက်မှ စတင်ပြီး Yope facebook  နှင့် YOPE Websiteတို့ တွင် စတင် ကြည့်ရှုနိုင်တော့မည်။

မဇ္ဈိမ မီဒီယာမှ တင်ဆက်သည့် YOPE (ရိုပီ) လူငယ် TV အစီအစဉ် မိတ်ဆက်ခြင်း အခမ်းအနားကို ဇွန်လ ၃ဝရက်တွင် ရန်ကုန်မြို့ရှိ ချက်ထရီယမ်ဟိုတယ်၌ ကျင်းပသည်။

YOPE သည် လူငယ်တွေ အတွက် စိတ်ဝင်စားစရာကောင်းပြီး လူထုက တရားဝင် ဆွေးနွေးလေ့မရှိသည့် ယဉ်ကျေးမှု၊ ပြည်တွင်း နှင့် နိုင်ငံတကာ နိုင်ငံရေး စသည်ဖြင့် တင်ဆက်သည့် အကြောင်းအရာများအား လူငယ်တွေ ဖန်တီးတင်ဆက်သည့် လူငယ်များ အတွက် အစီအစဉ် တခုပဲဖြစ်သည်။

ထိုအစီအစဉ်ကို မဇ္ဈိမ နှင့် Goethe-Institut Myanmar တို့မှ ပူးပေါင်းဆောင်ရွက်ပြီး ပေါ်ပေါက်လာခြင်း ဖြစ်သည်။

YOPE (ရိုပီ)သည် Young People ဟု အမည်ရပြီး ဖျော်ဖြေရေးနှင့် အသိပညာပေးရေးတို့ကို ပေါင်းစပ် ဖွဲ့စည်း ထားသည့် တင်ဆက်မှု အသစ်ဖြစ်သည့် TV မဂ္ဂဇင်းတစ်ခုဖြစ်သည်။

မြန်မာလူငယ်တွေ၏ အသံကို ထပ်ဟပ်နေမှာဖြစ်ပြီး ၎င်းတို့ကြုံတွေ့နေသည့် လက်တွေ့ခြေအနေတွေကို YOPE အစီအစဉ်တွေမှာ တွေ့မြင်ရမည် ဖြစ်သည်။

လူမှုကွန်ယက်တွင် ဖြစ်ပေါ်နေသည့် လူငယ်တွေ၏ အတွေးအမြင်၊ ဖြစ်ရပ်တွေကို ဒီအစီအစဉ်နှင့် ချိတ်ဆက်ထားပြီး စုံစမ်းထောက်လှမ်းထားသည့် တကယ့်ဖြစ်ရပ်ရုပ်ပုံလွှာများကိုလည်း YOPE တွင် မြင်တွေ့ရ မည် ဖြစ်သည်။

YOPE သည် အသက် ၁၅ နှစ် မှ ၂၅နှစ်အတွင်း လူငယ်တွေအတွက် ရည်ရွယ်ထားသည့် အစီအစဉ်တစ်ခုဖြစ်ပြီး အစီအစဉ် တစ်ခုလုံး အတွက် ၁၅မိနစ်ကြာမြင့်မည် ဖြစ်ကာ အပိုင်း တစ်ခုချင်းစီ အတွက် တစ်ပိုင်းကို ပျမ်းမျှ ၃မိနစ်ကြာမြင့်မည့် အစီအစဉ်တစ်ခုလည်း ဖြစ်သည်။

ထို အစီအစဉ် ဖြစ်ပေါ်လာရန် ဂျာမဏီ၊ တောင်အာဖရိက နှင့် မလေးရှားနိုင်ငံမှ သင်တန်းဆရာများမှ သင်တန်းပေးခဲ့ခြင်း ဖြစ်သည်။

YOPE TV မဂ္ဂဇင်းတွင် Brave Voice ဟု အမည်ပေးထားသည့် အစီအစဉ်ကတော့ လူငယ်တွေ၏ ရဲ့ရင့်သည့် ထင်မြင်ချက်တွေ ယူဆချက်တွေ၊ အတွေးအခေါ်တွေကို တင်ဆက်ပေးထားသည်။

နောက်အစီအစဉ် တစ်ခုကတော့ True Story ဟု အမည်ပေးထားသည့် လူငယ်တွေ၏ တကယ့်လက်တွေ့ဘ၀ အခြေအနေတွေကို ထင်ဟပ်စေသည့် ဖြစ်ရပ်မှန် ရုပ်သံ တင်ဆက်မှု ဖြစ်သည်။

လူငယ်တွေ အတွက် ဖျော်ဖြေရေး အစီအစဉ် တစ်ခုဖြစ်ပြီး ဟာသဆန်သည့် အဖြစ်အပျက်တွေကို တင်ဆက်ပေးထားသည့် Crazy Stuff အစီအစဉ်လည်း YOPE တွင် ပါဝင်သည်။

ယင်းအပြင် YOPE Star ဟု အမည်ပေးထားသည့် ထင်ရှားကျော်ကြားသူတွေ၊ နိုင်ငံရေးသမားတွေကို တွေ့ဆုံမေးမြန်းသည့် အစီအစဉ် ဖြစ်ပြီး ပုံမှန်တင်ဆက်သည့် တွေ့ဆုံမေးမြန်းမှု အစီအစဉ်မျိုးမဟုတ်ဘဲ ထူးခြားသည့် အပြင်အဆင်နှင့် တွေ့ဆုံမေးမြန်းမှုမျိုး YOPE မှာ တွေ့မြင်ရမည် ဖြစ်သည်။

နောက်ဆုံးတစ်ခုကတော့ Insider Tips ဟု အမည်ပေးထားသည့် လူငယ်တွေအတွက် ရှောင်ရန်၊ ဆောင်ရန် တွေကို ပျော်ရွှင်ဖွယ်ရာ တင်ဆက်ပေးထားခြင်း ဖြစ်သည်။

Yope တွင် ပါဝင်သည့် အစီအစဉ်များကို တစ်ပတ်တစ်ကြိမ် Yope facebook ၊ YOPE Websiteတို့ တွင် တင်ဆက်သွားမည်ဖြစ်ပြီး ပထမဦးဆုံး တင်ဆက်မှုကို ဇူလိုင် ၁ရက်တွင် စတင်ကြည့်ရှုနိုင်မည်ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required