ဇွန် ၂၉၊ မီလန်။ ။ အေစီမီလန်အသင်းသည် ဆမ်ဒိုးရီးယားနည်းပြဟောင်း ဗင်ဆန်ဇို မွန်တဲလားကို နည်းပြသစ်အဖြစ် နှစ်နှစ်စာချုပ်ဖြင့် ခန့်အပ်လိုက်သည်။
ဧပြီလတွင်ရာထူးမှထုတ်ပယ်ခံရသည့် မီဟိုင်းလိုဗစ်၏နေရာတွင် ယာယီနည်းပြအဖြစ်ဆောင်ရွက်နေသော ဘရော့ခီလက်ထဲမှ နည်းပြရာထူးကို အသက် ၄၂ နှစ်အရွယ် မွန်တဲလားက လွှဲပြောင်းရယူရမည်ဖြစ်သည်။
အေစီမီလန်အသင်းသည် ပြီးခဲ့သည့်ရာသီက စီးရီးအေတွင် အဆင့် ၇ သာရရှိခဲ့ပြီး ကိုပါအီတာလီယာဖလား ဗိုလ်လုပွဲတွင်လည်း ဂျူဗင်တပ်ကို ရှုံးနိမ့်ခဲ့သည်။
အသင်းအနေဖြင့် နည်းပြသစ်လက်ထက်တွင် ကစားပုံနည်းစနစ်ကောင်းမွန်စွာဖြင့် ရှေ့ဆက်သွားမည်ဟု မီလန်အသင်းက ကြေညာထားသည်။
အီတလီတိုက်စစ်မှူးဟောင်း မွန်တဲလားသည် ကစားသမားဘဝကို အဓိကအားဖြင့် ရိုးမား၊ ဆမ်ဒိုးရီးယားတို့တွင် ဖြတ်သန်းခဲ့ပြီး နောက် ကာတာနီးယားနှင့် ဖီအိုရင်တီးနားအသင်းတို့တွင်လည်း နည်းပြတာဝန်ထမ်းဆောင်ခဲ့ဖူးသည်။
Ref; BBC