အမေရိကန်ရောက် ကချင်ခရစ်ယာန်ခေါင်းဆောင်များက ကချင်ပြည်နယ်အတွင်း အထွေထွေပြဿနာများကို အမေရိကန်အစိုးရနှင့် ဆွေးနွေး

အမေရိကန်ရောက် ကချင်ခရစ်ယာန်ခေါင်းဆောင်များက ကချင်ပြည်နယ်အတွင်း အထွေထွေပြဿနာများကို အမေရိကန်အစိုးရနှင့် ဆွေးနွေး

ချင်းမိုင်(မဇ္ဈိမ)  ဇွန်လ ၂၃ ရက်။           ။ အစိုးရသစ် တက်လာပြီးနောက် ကချင်ပြည်နယ်အတွင်း တိုးတက်ပြောင်းလဲမှုများ မရှိသေးကြောင်းနှင့် လက်ရှိ မြန်မာ့တပ်မတော်စစ်သားတစ်ဦးမှ ပစ်သတ်ခံခဲ့ရသည့် ကချင်တက္ကသိုလ် ကျောင်းသားအရေးနှင့် ပတ်သက်၍ အမေရိကန် ရောက် ကချင်ခရစ်ယာန် ခေါင်းဆောင်များက အမေရိကန် အစိုးရနှင့်တွေ့ဆုံစဉ် တင်ပြဆွေးနွေးခဲ့သည်ဟု သိရသည်။

ကချင်ခရစ်ယာန်ခေါင်းဆောင်များက ဇွန်လ ၂၂ ရက်က အမေရိကန်နိုင်ငံခြားရေးဌာန ဒီမိုကရေစီ၊ လူ့အခွင့်အရေးနှင့် အလုပ်သမားရေးရာ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး မစ္စတာMr Tom Malinwski တွေ့ဆုံခဲ့သလို၊ အမေရိကန် အစိုးရအဖွဲ့၊့ လွှတ်တော်ကိုယ်စားလှယ်များနှင့်လည်း တွေ့ဆုံဆွေးနွေးခဲ့သည်ဟု အမေရိကန်နိုင်ငံသို့ရောက်ရှိနေသော လူထုအခြေပြု မူးယစ်ဆေးဝါး တိုက်ဖျက်ရေးအဖွ့ဲ ဥက္ကဌ ဦးလွန်ဂျွန်တူးရော်က ပြောသည်။

“ကျနော်ကတော့ မူးယစ်ဆေးဝါးကိစ္စ အမေရိကန် အစိုးရကို အားလုံးတင်ပြလိုက်တယ်။ မြန်မာနိုင်ငံမှာ မူးယစ်ဆေးဝါး ပြဿနာအရမ်း ဆိုးဝါးနေပြီလို့ သူတို့ကတော့ အစိုးရ ပြောင်းလဲလာပြီဆိုတော့ ပြောင်းလဲလာဖို့ အရင်ကထက် ပိုကောင်း လာမယ်လို့ မျှော်လင့်တယ်။ မူးယစ်ဆေးဝါးကိစ္စကို ဆက်လုပ်ပါ။ အားပေးပါတယ်လို့ ပြောပါတယ်။ KBC ဆရာကတော့ စစ်ပြေး ဒုက္ခသည်အရေး၊ အသတ်ခံခဲ့ရတဲ့ ကျောင်းဆရာမ နှစ်ယောက်ကိစ္စတွေ၊ မတရားသက်သေခံခိုင်းတဲ့ကိစ္စတွေကို တွေ့ရတဲ့ အကြောင်းတွေ တင်ပြခဲ့တယ်”ဟု သူက မဇ္ဈိမကို ပြောသည်။

KBC မှ ဒေါက်တာ ခလမ်ဆမ်ဆွန်ကလည်း စစ်ပြေးဒုက္ခသည်အရေး၊ ကချင်ကျောင်းဆရာမ နှစ်ဦး အသတ်ခံရမှုနှင့် လတ်တလော တက္ကသိုလ်ကျောင်းသား မောင်ဂွမ်ဆိုင်းအောင် အသတ်ခံရမှုနှင့် ပတ်သက်၍ တင်ပြဆွေးနွေးခဲ့သည်ဟု သူက ပြောသည်။

ကေဘီစီမှ အထွေထွေအတွင်းရေးမှူး ဒေါက်တာ ခလမ်ဆမ်ဆွန်၊ ကက်သလစ်အသင်းတော်မှ ဖာတာဂေါလူရုံဝါနှင့် လူထုအခြေပြု မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအဖွဲ့ (PJS)မှ ဥက္ကဌ ဦးလုဂျွန်တူးရော် သုံးဦးနှင့်အတူ ဝါရှင်တန်အခြေစိုက် Kachin Alliance အဖွဲ့ တာဝန်ခံ အင်ဆန်ဂွမ်ဆန်တို့ သည် အမေရိကန်နိုင်ငံသို့ ရောက်ရှိနေကြပါသည်။

အမေရိကန်အစိုးရနှင့်တွေ့ဆုံစဉ် “အစိုးရသစ်ပြောင်းလဲလာတဲ့အခါမှာ မြန်မာအစိုးရဘက်မှ ဘာတွေ ပြောင်းလဲလာပြီလဲ။ ဘာတွေ လိုအပ်နေသေးတယ် ဆိုတာတွေ သူတို့ သိချင်ကြတယ်။ ဒါကို ကျနော်တို့က ဘာမှ မ ပြောင်းလဲဘူးနဲ့ ပိုမိုဆိုးဝါးလာတယ်ဆိုတာတွေတင်ပြတယ်။ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးနဲ့ ပတ်သက်တာတွေ ၊ ဆရာမနှစ်ဦး အသတ်ခံရမှုမှာဘယ်သူဖြစ်တယ်ဆိုတာတွေ၊ လတ်တလော ဖြစ်သွားတဲ့ ပစ်သတ်ခံရတဲ့ ဂွမ်ဆိုင်းအောင်နဲ့ပတ်သက်လို့ တင်ပြခဲ့တယ်။ အမေရိကန်အစိုးရကတော့ ဒီမိုကရေစီနဲ့ တရားမျှတမှုရရှိဖို့ သူတို့တွေ အမြဲတမ်းကူညီနေတယ်ဆိုတာ ပြောပါတယ်”ဟု အထွေထွေအတွင်းရေးမှူး ဒေါက်တာ ခလမ်ဆမ်ဆွန်က ကချင်လူမှုကွန်ရက်တခုဖြစ်သော chyang Ngau shiga ၏ စာမျက်နှာသို့ ကချင်ဘာသာဖြင့် ပြောဆိုထားသည်။

အလားတူ ကချင်ပြည်နယ်ရှိ စစ်ပြေးဒုက္ခသည်များ ကူညီထောက်ပံ့မှုများ လျော့ပေးခြင်း မရှိဘဲ ပိုမိုထောက်ပံ့ပေးရန်၊ စစ်ပြေးဒုက္ခသည်များ နေရပ်ပြန်နိုင်သည်အထိ ဆက်လက် ကူညီထောက်ပံ့ပေးရန် တင်ပြခဲ့သလို၊ ကချင်ပြည်နယ်ရှိ ရေကာတာ စီမံကိန်းများ ဆောက်လုပ်မှု ရပ်တန့်ရေးအတွက် ကူညီပေးရန်နှင့် မူးယစ်ဆေးဝါး တိုက်ဖျက်ရေးအတွက် ကူညီအားပေးရန်၊ အသတ်ခံရသည့် တက္ကသိုလ်ကျောင်းသား၏ အမှုတွင် တရားမျှတမှုရရှိရန် ကူညီပေးရန် တင်ပြခဲ့သည်ဟု ဖာသာဂေါလူရုံဝါကလည်း ပြောဆိုထားသည်။

၎င်းတို့၏ အမေရိကန်ခရီးစဉ်တွင် ရှမ်းပြည်နယ်မြောက်ပိုင်း ကောင်းခါးကျေးရွာတွင် အဓမ္မပြုကျင့်ခံရ၍ အသတ်ခံခဲ့ရသော စေတနာကျောင်းဆရာမ ၂ ဦးအမှုနှင့် ပတ်သက်၍ တရားမျှတမှု ရရှိရေး ကူညီပေးရန် တင်ပြခဲ့သည်။

အမေရိကန် အစိုးရအဖွဲ့အစည်းများနှင့် တွေ့ဆုံဆွေးနွေးမှုအပေါ် အကျိုးရှိလိမ့်မည်ဟု မျော်လင့်ကြောင်း ဦးလုန်ဂျွန်တူးရော်က ပြောသည်။ “သူတို့က ကျနော်တို့နိုင်ငံကို ဒီမိုကရေစီနိုင်ငံဖြစ်ဖို့။ အရမ်းပြောင်းလဲစေချင်တယ်။ သူတို့ကို ကျနော်တို့ သွားတင်ပြနိုင်တဲ့အတွက် ကျနော်တို့ အမျိုးသားတွေအတွက် အများကြီး အကျိုးရှိတယ်။ ကျနော်တို့နဲ့သူတို့ အမြဲတမ်း ဆက်သွယ်လို့ ရပြီ။ အရင်ကထက်စာရင်တော့ ဆက်သွယ်ပြောဆိုလို့ရသွားပြီ။ ကျနော်တို့ကို ကောင်းကောင်းမွန်မွန် ကြိုဆိုတဲ့အတွက် အရမ်းဝမ်းသာတယ်။ အကျိုးရှိမယ်လို့ မျော်လင့်တယ်”ဟု သူက ပြောသည်။

Kachin Allianceရုံးကို ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီလ ၆ ရက်က အမေရိကန်နိုင်ငံ ဝါရှင်တန် ဒီစီမြို့တွင် ဖွင့်လှစ်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly