ဇွန် ၂၀ ၊ ရန်ကုန် ။ ။ ဇွဲကပင်ယူနိုက်တက်အသင်းအနေဖြင့် ၂၀၁၆ ဗိုလ်ချုပ်အောင်ဆန်းဒိုင်း ရှုံးထွက်ဖလားပြိုင်ပွဲတွင် ဗိုလ်လုပွဲအဆင့်ထိ ရောက်ရန် ရည်မှန်းထားသည် ဟု အသင်းနည်းပြချုပ် ဦးအောင်မင်းဦးက ဆိုသည်။
ဇွဲကပင်အသင်းသည် ဗိုလ်ချုပ်ဒိုင်းပြိုင်ပွဲ မဲခွဲမှုပုံစံအရ ၁၆ သင်းရှုံးထွက်အဆင့်တွင် ဆောက်သမ်းအသင်းနှင့် ကစားရမည် ဖြစ်ပြီး ယင်းအဆင့်ကို ကျော်ဖြတ်နိုင်ခဲ့ပါက ရခိုင်နှင့်ဧရာဝတီအသင်းပွဲမှ အနိုင်ရသည့်အသင်းနှင့် ကွာတားအဆင့်တွင် ဆုံတွေ့ရမည် ဖြစ်သည်။
“အခု ရှုံးထွက်မှာတွေ့မယ့် ဆောက်သမ်းက နိုင်ငံခြားသားတွေ အသစ်ခေါ်ထားပြီး ရလဒ်တွေကောင်းနေတယ်။ ဒါပေမယ့် နိုင်အောင်ကြိုးစားမှာပါ။ ဒီနှစ် ဗိုလ်ချုပ်ဒိုင်းပွဲစဉ်အနေအထားအရ ကျွန်တော်တို့အသင်းကို ဖိုင်နယ်အဆင့်ထိရောက်အောင် ရည်မှန်းထားပါတယ်။ တွေ့မယ့်အသင်းတွေကလည်း ကျွန်တော်တို့နဲ့ ခြေစွမ်းမကွာတာတွေ့ရပါတယ်။ ဒါ့ကြောင့် သေချာသာ အာရုံစိုက်မယ်ဆိုရင် ဗိုလ်လုပွဲတက်နိုင်ပါတယ်။ ဗိုလ်စွဲခဲ့မယ်ဆိုရင် AFC Cup ဝင်ခွင့်ရမယ် ဆိုတော့ အသင်းရဲ့သမိုင်းသစ်တစ်ခု ဖြစ်ဖို့ အထိ သေချာကြိုးစားသွားမှာပါ။ ” ဟု ဦးအောင်မင်းဦးက ပြောသည်။
ဇွဲကပင်ယူနိုက်တက်အသင်းသည် ၂၀၁၆ မြန်မာနေရှင်နယ်လိဂ် ပွဲစဉ် ၁၄ ကစားပြီးချိန်တွင် ငါးပွဲနိုင် သုံးပွဲသရေ ခြောက်ပွဲရှုံး ရလဒ်ဖြင့် ရမှတ် ၁၈ မှတ် ရရှိကာ အမှတ်ပေးဇယား အဆင့် ၈ နေရာတွင် ရပ်တည်လျက်ရှိသည်။