သူဌေးဖြစ်ရေးထက် မူးယစ်ဆေးစွဲဖို့ ပိုသေချာစေတဲ့ ကျောက်စိမ်းမြေ

သူဌေးဖြစ်ရေးထက် မူးယစ်ဆေးစွဲဖို့ ပိုသေချာစေတဲ့ ကျောက်စိမ်းမြေ

 

ကချင်ပြည်နယ်၊ ဖားကန့်မြို့ကို ရောက်နေကြတဲ့ နိုင်ငံအနံှ့က အလုပ်အကိုင်ရှာဖွေသူတွေထဲက အများအပြားဟာ မူးယစ်ဆေးသုံးစွဲသူတွေ ဖြစ်လာကြပါတယ်

ဖားကန့်(Myanmar Now) ။             ။ ကချင်ပြည်နယ်ဖားကန့်မြို့က ဥရုထွယ်ဆန် မူးယစ်ဆေးသုံးစွဲသူများ ပြုစုပျိုးထောင်ရေးဂေ ဟာ ကို၂၉ နှစ်အရွယ် မဂျားလွယ် ရောက်နေတာ ၂ လ ရှိပါပြီ/

မဂျားလွယ်က ဆိုင်းတောင်ရွာမှာ သူငယ်ချင်းတွေနဲ့အတူ ဘိန်းမည်း၊ ချောင်းဆိုးပျောက် ဆေးရည်တို့ကို စမ်းသပ် စားသုံးကြည့်ရာက မူးယစ်ဆေးရဲ့သားကောင် ဖြစ်လာသူပါ။ ဧရာဝတီ မြစ်ဝကျွန်းပေါ်သား သူ့အိမ်ထောင်ဘက်ရဲ့ ကျောက်စိမ်းအရောင်းအဝယ် လုပ်ငန်းကရရှိတဲ့ ဝင်ငွေ အတော်များများဟာသူ့ရဲ့ မူးယစ်ဆေးဖိုး ဖြစ်လာပါတယ်။

“ဆေးဖြတ်ခန်းကို စလာပို့တုန်းက အိမ်ကလူတွေကို စိတ်ဆိုးမိသေးတယ်။ အခုတော့ စိတ်မ ဆိုးတော့ဘူး” လို့ ကလေး ၂ ယောက်မိခင် မဂျားလွယ်က ဆိုပါတယ်။ ဂေဟာကနေ ပြန်ထွက်ခွင့်ရတဲ့ အခါ ၂ နှစ်ကျော် စွဲလမ်းခဲ့တဲ့ မူးယစ်ဆေးကိုထပ်မသုံးတော့ဘူးလို့  သူကဆက်ပြောပါတယ်။

ဂေဟာရဲ့ ကျေးဇူးကြောင့် မူးယစ်ဆေးနဲ့ အပြီးတိုင် ကင်းကွာသွားသူတွေ ရှိသလိုမူးယစ်ဆေး ပြန်သုံးသူတွေလည်းရှိနေပါတယ်။ ဂေဟာတာဝန်ခံဦး ဆိုင်းနော်ကတော့ ဖားကန့်ဒေသမှာ အရွယ် ရောက်ပြီး သူဦးရေရဲ့ ထက်ဝက်မကဟာ မူးယစ်ဆေးသုံးစွဲနေတဲ့သူ၊ မူးယစ်ဆေးသုံးစွဲဖူးတဲ့ သူတွေ ဖြစ်တယ်လို့ ပြောပါတယ်။

နိုင်ငံအနှံ့အပြားက အလုပ်အကိုင်ရှာဖွေသူတွေဟာ ဝင်ငွေကောင်းကောင်းရရှိရေး၊ သူဌေးဖြစ် ရေး ရည်ရွယ်ချက်တွေနဲ့ ဖားကန့်ဒေသ ကျောက်စိမ်းမြေကို ရောက်လာကြရာမှာ သူတို့အိပ်မက်တွေ လက်တွေ့ဖြစ်လာဖို့ ခဲယဉ်းပါတယ်။  ကြမ်းတမ်းတဲ့ လုပ်ငန်းခွင်အခြေအနေနဲ့ ရင်ဆိုင်ရပြီး၊ အန္တရာယ် ကြီးတဲ့ မြေပြိုကျမှုကလည်း မကြာခဏ ဖြစ်ပေါ်နေတာပါ။ အလုပ်ကိုင်ရှာဖွေသူတွေရဲ့ ကျန်းမာရေးကို အကြီးအကျယ် ဒုက္ခပေးနေတာကတော့ မူးယစ်ဆေးဝါးသုံးစွဲမှု ဖြစ်နေပါတယ်။

မြန်မာနိုင်ငံမှာ မူးယစ်ဆေးဝါး သုံးစွဲသူအရေအတွက် တရားဝင်ကိန်းဂဏန်းများ မရှိသေးပါ ဘူး။ ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် ပြစ်မှုဆိုင်ရာရုံး(UNODC)ကတော့ မြန်မာပြည်မှာ မူးယစ်ဆေးကို ဆေးထိုးအပ်နဲ့ သုံးစွဲသူအမျိုးသား ၈၃,ဝဝဝ ကျော်ရှိမယ်လို့ ခန့်မှန်းထားကြောင်း ဖေဖော်ဝါရီလလယ် ပိုင်းမှာ ကြေညာထားပါတယ်။

ဘိန်းဖြူ၊ ဘိန်းမည်းကိုအများဆုံးသုံးကြပြီးဓာတုဗေဒနဲ့ ပြုလုပ်ထားတဲ့ မူးယစ်ဆေးပြားတွေက ဒုတိယအများဆုံး သုံးစွဲနေကြတယ်လို့ UNODCကြေညာချက်မှာ ဖော်ပြထားပါတယ်။

မူးယစ်ဆေး လွယ်လွယ်ရနေ

ဖားကန့်ဒေသကို ဝင်ရောက်လာတဲ့ မူးယစ်ဆေးတွေဟာ တရုတ်နယ်စပ်၊ ရှမ်းပြည်နယ်၊ ကယားပြည်နယ်တို့ရဲ့ နယ်စပ်တွေဘက်ကနေသာမက ဝကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသကနေ ဝင်ရောက်နေတာလို့ သတင်းရကြောင်းဖားကန့်မြို့နယ်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးတင့်စိုးကMyanmar Now ကိုပြောပါတယ်။

“ဝင်လာကြတဲ့ လမ်းကြောင်းတွေကအများကြီးပါ။ အရေအတွက်ကအတော်များပြားနေတဲ့ အတိုင်းအတာဖြစ်တယ်” လို့ သူကဆိုပါတယ်။ ဂိုဏ်းဖွဲ့ လုပ်ကိုင်နေကြတာမျိုးထက် အဲ့ဒီဒေသတွေနဲ့ ဆက်နွယ်နေနဲ့သူတွေက နည်းအမျိုးမျိုးနဲ့ မူးယစ်ဆေး တင်သွင်းလာကြတာဖြစ်တယ်လို့ သူက ဆိုပါတယ်။

ကချင်ပြည်နယ်ဟာ ကျန်ဒေသတွေထက် မူးယစ်ဆေးသုံးစွဲမှုနှုန်း မြင့်ပါတယ်။ ပြည်နယ်တွင်း ပြည်တွင်းစစ်ဘေးဒဏ်ကြောင့် သေဆုံးခဲ့ရသူတွေထက် မူးယစ်ဆေးကြောင့် သေဆုံးခဲ့ရတဲ့ အရေအ တွက်က ပိုမိုများပြားနေတယ်လို့ အမေရိကန်အခြေစိုက် သုတေသနအဖွဲ့Transnational Institute (TNI) က ဧပြီလအတွင်းက ထုတ်ပြန်ခဲ့ပါတယ်။ 

မူးယစ်ဆေးတိုက်ဖျက်ရေး လုပ်တယ်ဆိုပေမယ့် ကိုင်တွယ်ပုံနည်းစနစ်နဲ့ မူဝါဒတွေ မှားယွင်း နေပြီး မူးယစ်ဆေးသုံးစွဲသူနဲ့ အသေးစား ရောင်းဝယ်ဖောက်ကားသူတွေကိုသာ ဖမ်းဆီးနိုင်ခဲ့တာ ကြောင့် အစိုးရသစ်လက်ထက်မှာ ထိထိရောက်ရောက်လုပ်ဆောင်ဖို့ အဲဒီအဖွဲ့က တောင်းဆိုထား ပါတယ်။

ဖားကန့်ဒေသမှာ ဘိန်းဖြူကို အကြောထဲထိုးသွင်းသူတွေ စတည်းချကြတဲ့ နေရာအများအပြား ရှိပါတယ်။ ဒီလိုမျိုးနေရာမှာ အပြန်အလှန် ဆေးထိုးပေးသူတွေကိုလည်း တွေ့ရပါတယ်။ စိုးရိမ်စရာ အချက်တစ်ခုကတော့ ဆေးထိုးအပ်တစ်ခုထဲကို လူတစ်ယောက်ထက် ပိုသုံးမယ်ဆိုရင် ခုခံကျရောဂါပိုး (HIV) ကူးစက်နိုင်ခြင်းပါပဲ။

ကျန်းမာရေးဆိုင်ရာ အကူအညီပေးရေး အဖွဲ့အစည်းတချို့ကတော့ ဒီဒေသမှာ တစ်ခါသုံး ဆေးထိုးအပ်တွေ အခမဲ့ ဖြန့်ဝေခြင်း၊ HIV ပိုးစစ်ဆေးခြင်း၊ HIV ပိုး ကူးစက်ခံထားရသူကို နှစ်သိမ့် ဆွေးနွေးအားပေးခြင်းစတဲ့ လုပ်ငန်းတွေ လုပ်ကိုင်နေကြပါတယ်။

နယ်စည်းမခြား ဆရာဝန်များအဖွဲ့က HIV ပိုးရှိသူ ၂,ဝဝဝ ခန့်ကိုဖားကန့်မှာကုသမှု ပေးနေ တယ်လို့ သိရပါတယ်။ ကချင်ပြည်နယ်က တခြားဆေးခန်း ၄ ခုမှာလည်း အလားတူလူနာ ၈,ဝဝဝ ဝန်းကျင်ကို အကူအညီပေးနေပါတယ်။

ဒေသတွင်းမှာတော့ ကချင်လူမျိုးတွေစုပေါင်းပြီးတော့ ဘိန်းတိုက်ဖျက်ရေးလုပ်နေတဲ့ အဖွဲ့ဖြစ်တဲ့ ပက်ဂျာဆန်ဆိုတာရှိပါတယ်။ ဒီအဖွဲ့က ဘိန်းရောင်းချနေသူတွေကို ဖမ်းဆီးတဲ့အပြင် ဘိန်းစိုက်ခင်းတွေကိုလည်း ဖျက်ဆီးနေတာပါ။

“ကျွန်တော်တို့ ဖားကန့်ကတော့ မူးယစ်ဆေးဆိုတာ တကယ့်ကို လွယ်လင့်တကူပဲဗျ။ တောမှော်ရွာထဲမှာဆို ဘယ်နေရာကရောင်းတယ်၊ လက်ကြီးသမားလား၊ ဘာလားဆိုတာကျွန်တော်တို့ သတင်းအတိအကျ ရထားတယ်” လို့ ပက်ဂျာဆန်ရဲ့ ကျေးရွာအဆင့် တာဝန်ခံတစ်ဦးဖြစ်သူ ဦးခူလွမ်က ပြောပါတယ်။

အကျင့်ပျက်ခြစားမှု ပြဿနာ

ပြီးခဲ့တဲ့နှစ် အောက်တိုဘာလအတွင်းဖားကန့်က မူးယစ်ဆေးရောင်းသူတစ်ဦးကို ပက်ဂျာ ဆန်အဖွဲ့က ဖမ်းမိတဲ့အခါမှာ အာဏာပိုင်အဖွဲ့အစည်းတွေကို လစဉ်ငွေပေးမှုကို မှတ်တမ်းတင်ထားတဲ့ စာအုပ် တစ်အုပ်ကို သိမ်းဆည်းရခဲ့ပါသေးတယ်။

အဲ့ဒီစာအုပ်မှာ အာဏာပိုင်အဖွဲ့တွေကို နှစ်လအတွင်း ကျပ်သိန်းပေါင်း ၅,၆ဝဝ ကျော် လိုင်းကြေး ပေးခဲ့တယ်၊ နေ့စဉ်ပေးရတဲ့ လိုင်းကြေး ကျပ်သိန်း ၁ဝဝ ခန့် ရှိတယ်လို့ ဖော်ပြထားကြောင်း ဖားကန့်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးတင့်စိုးက ဖေဖော်ဝါရီ ၂၄ ရက်နေ့ ပြည်သူ့ လွှတ်တော် အစည်းအဝေးမှာ ပြောသွားခဲ့ပါတယ်။

ဖားကန့်ဒေသ ကျောက်စိမ်းမှော်တိုင်းလိုလိုမှာ မူးယစ်ဆေးကို လွတ်လွတ်လပ်လပ် ရောင်းချ နေတယ်၊ မူးယစ်ဆေးအကြီးအကျယ် သုံးစွဲကြမှုတွေကြောင့် ရာဇဝတ်မှုတွေ၊ လူမှုရေးပြဿနာတွေ နေ့စဉ် ဖြစ်ပေါ်နေတယ်လို့ ဦးတင့်စိုးက ပြောပါတယ်။

“အုပ်ချုပ်ရေးက လက်လှမ်းမမီတဲ့ နေရာတွေကလည်း များနေတယ်။ ကျေးရွာအတွင်းမှာ ရောင်းတာထက် ကျေးရွာအစွန်အဖျားမှာ ရောင်းတာမျိုးက လိုက်ပြီး ဖမ်းဆီးထိန်းသိမ်းဖို့က အင်မတန် ခက်တယ်” လို့ သူက ဆိုပါတယ်။

မူးယစ်တိုက်ဖျက်ရေးနဲ့ လက်နက်ကိုင်ပဋိပက္ခ

ဖားကန့်ဒေသမှာ မူးယစ်ဆေးတိုက်ဖျက်ရေး လုပ်ငန်းစဉ်ကို အစိုးရသစ်ရဲ့ ရက် ၁ဝဝ စီမံကိန်းမှာ ထည့်သွင်းဆောင်ရွက်နေပေမဲ့ မူးယစ်ဆေးဝါး သုံးစွဲလာကြတာ ဆယ်စုနှစ် ၃ ခု ကျော်နေပြီဖြစ်တဲ့အတွက် ချက်ချင်း အမြစ်ဖြတ်လုပ်ဆောင်ဖို့ မမျှော်လင့်နိုင်ဘူးလို့ ဦးတင့်စိုးက သုံးသပ်ပါတယ်။

နှိမ်နင်းမှုတွေနဲ့အတူ ပညာရေးမှုတွေလို နည်းလမ်းပေါင်းစုံနဲ့ အချိန်ယူ လုပ်ဆောင်ရမှာ ဖြစ်တယ်လို့ သူက ဆိုပါတယ်။

မြန်မာနိုင်ငံရဲတပ်ဖွဲ့ မူးယစ်ဆေးဝါးတိုက်ဖျက်ရေး ဗဟိုအဖွဲ့မှရဲမှူးကြီး ရွှေညာမောင်ကလည်း မူးယစ်ဆေးတိုက်ဖျက်ရေးမှာ တားဆီးနှိမ်နင်းလိုက်ရုံနဲ့ အောင်မြင်မှာမဟုတ်သလို ဘိန်းစိုက်တောင် သူတွေရဲ့ လူနေမှုဘဝမြှင့်တင်ရေး၊ အစားထိုးသီးနှံ ပံ့ပိုးပေးရေး၊ မူးယစ်ဆေးစွဲသူများကို ကုသမှုပေး ရေး၊ ပြန်လည်ထူထောင်ရေးကိစ္စတွေ လုပ်ပေးဖို့လိုတယ်လို့ ပြောပါတယ်။

အဲ့ဒီလုပ်ငန်းတွေ အကောင်အထည်ဖော်ဖို့ လိုအပ်တဲ့ ဘဏ္ဍာငွေအတွက် နိုင်ငံတကာကိုပဲ မျှော်ကိုးနေတာ မဟုတ်ဘဲနဲ့ ကိုယ့်ရှိတဲ့အခြေအနေနဲ့ တတ်နိုင်တဲ့ဘက်က အမြန်ဆုံး အကောင်အ ထည်ဖော်ဖို့ လိုတယ်လို့ သူက ပြောပါတယ်။

ပြန်လည်ထူထောင်ရေးစခန်းတွေကို တိုင်းနဲ့ပြည်နယ်အလိုက် တည်ဆောက်ဖို့ ယခင်အစိုးရ လက်ထက်ကတည်းက လွှတ်တော်ရဲ့ ခွင့်ပြုချက်ရထားပြီးဖြစ်သလို တည်ဆောက်ရမယ့်နေရာတွေကို ရှာဖွေနေတယ်လို့ ရဲမှူးကြီးက ဆက်ပြောပါတယ်။

“မူးယစ်ဆေးသုံးသူတွေကို ဖမ်းလိုက်တာက လွယ်ပါတယ်။ ဒါပေမဲ့ သူတို့ကို ရဲစခန်းတွေ၊ အကျဉ်းထောင်တွေမှာ ထားဖို့ကလည်း အဆင်သင့်မဖြစ်သေးဘူး” လို့ ရဲမှူးကြီးက ဆိုပါတယ်။

“မူးယစ်ဆေးသုံးတဲ့သူတွေမှာ နောက်ဆက်တွဲရောဂါ ကူးစက်မှုတွေကလည်း ရှိနေတော့ အဲ့ဒီလူတွေကို ကျန်တဲ့ပြစ်မှု ကျူးလွန်သူတွေနဲ့ အတူထားဖို့ဆိုတာ အခက်အခဲရှိတယ်။ သူတို့အ တွက်က ရေရှည်မူဝါဒတွေ ချမှတ်ရမယ်”

ဖားကန့်မြို့ ဥရုထွယ်ဆန်ဂေဟာ တာဝန်ခံ ဦးဆိုင်းနော်က မူးယစ်ဆေးပပျောက်ရေးနဲ့ ပတ်သက်ပြီး အရပ်ဘက် အဖွဲ့အစည်းတွေနဲ့ အာဏာပိုင်တွေ ပူးပေါင်းသင့်တယ်၊ ဒေသအတွင်း တရားဥပဒေစိုးမိုးရေးကို ထိထိရောက်ရောက် ဆောင်ရွက်ဖို့လည်း အရေးကြီးတယ်လို့ ပြောပါတယ်။

“ဒီကိစ္စပပျောက်ရေးမှာ ငြိမ်းချမ်းရေးကအဓိကပဲ။ နောက်ပြီးတော့ ကျွန်တော်တို့လို မူးယစ်ဆေးတိုက် ဖျက်ရေး အဖွဲ့တွေက အစိုးရနဲ့ ပူးပေါင်းဖို့လိုသလို အစိုးရအနေနဲ့လည်း ကျွန်တော်တို့ ပြည်သူတွေမပါဘဲနဲ့ ဘယ်လိုလုပ်လုပ် အောင်မြင်မှာ မဟုတ်ဘူး” လို့ ဦးဆိုင်းနော်က ပြောလိုက်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly