တက္ကဆက်ပြည်နယ်ရှိ Walmart စတိုးဆိုင်တွင် ၀င်ရောက်စီးနင်းခဲ့သော သေနတ်သမားအား အသေပစ်ခတ်ဖမ်းဆီး

တက္ကဆက်ပြည်နယ်ရှိ Walmart စတိုးဆိုင်တွင် ၀င်ရောက်စီးနင်းခဲ့သော သေနတ်သမားအား အသေပစ်ခတ်ဖမ်းဆီး

ဇွန် ၁၅ ။            ။ အမေရိကန်နိုင်ငံ တက္ကဆက်ပြည်နယ်ရှိ Walmart စတိုးဆိုင်တစ်ခုတွင် ဇွန်လ ၁၄ ရက်က သေနတ်သမားတစ်ဦး ဝင်ရောက်လာပြီး လူနှစ်ဦးအား ဓါးစာခံထိန်းသိမ်းထားခဲ့ရာ ရဲများက ၎င်းကို အသေပစ်ခတ်ဖမ်းဆီးခဲ့ရသည်ဟု သတင်းတစ်ရပ်တွင် ဖော်ပြသည်။ ဆိုင်အတွင်း သေနတ်သမား၏ ဓါးစာခံဖမ်းဆီးခံခဲ့ရသူနှစ်ဦးမှာ ထိခိုက်ဒဏ်ရာရရှိခဲ့ခြင်း မရှိကြောင်း ရဲများက ဆိုသည်။

ယခု ဖြစ်စဉ်တွင် လက်နက်ကိုင်ဆောင်ကာ ဆိုင်အတွင်း ဝင်ရောက်စီးနင်းခဲ့သူအား ပစ်ခတ်လိုက်ရကြောင်း  အထက်ပါ တာဝန်ရှိ ရဲများက ပြောကြားသွားခဲ့သည်။

အဆိုပါ သေနတ်သမားသည် အခင်းဖြစ်ပွားချိန်က ဆိုင်အတွင်း သေနတ်ဖောက်ဝင်ရောက်ခဲ့ပြီးနောက် လူနှစ်ဦးအား ဓါးစာခံထိန်းသိမ်းခဲ့ခြင်းဖြစ်သည်။ ယင်းနောက် ၎င်းတို့သုံးဦး ဆိုင်အတွင်း ရုံးခန်းတစ်ခုအတွင်းသို့ ဝင်ရောက်သွားကြသည်ဟု ရဲတပ်ဖွဲ့ပြောရေးဆိုခွင့်ရှိသူ ဒန်နီ အလက်ဇန်းဒါးက ပြောသည်။

ယင်းနောက် ရဲများက ၎င်းအား ဖမ်းဆီးနိုင်ရန် ကြိုးပမ်းခဲ့ရပြီး နောက်ဆုံး ပစ်သတ်လိုက်ရခြင်းဖြစ်သည်။ ၎င်းသေနတ်သမား၏ အမည်ကို အတည်ပြုဖော်ထုတ်ရသေးခြင်းလည်း မရှိသေးပေ။ ယင်းဖြစ်စဉ်တွင် အခြားပါဝင်သူများမှာ တစ်စုံတစ်ရာဒဏ်ရာရရှိခဲ့ခြင်းမရှိဟု သိရသည်။

" ဈေးဝယ်သူတွေအားလုံးနဲ့ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရတဲ့ကျွန်တော်တို့ရဲ့ ဝန်ထမ်းနှစ်ဦးလည်း ဘေးကင်းခဲ့ပါတယ်၊ အခြေအနေကတော့ တကယ့်ကို ခက်ခဲခဲ့ပါတယ်၊ ခုလိုမျိုး လျင်လျင်မြန်မြန် ရဲတွေရောက်လာပြီး ရှင်းပေးနိုင်လို့ ကျေးဇူးတင်ပါတယ်" ဆိုပြီး Walmart စတိုးဆိုင်လုပ်ငန်းက ပြောရေးဆိုခွင့်ရှိသူ ဒေရှာ ဘာနက်က ပြောသွားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly