မန္တလေး၊ မေ ၂၉ ။ ။ မန္တလေးမြို့ ဈေးချို ၈၄လမ်းနှင့်၂၇လမ်းရှိ လူကူးတံတားကို မေလ ၂၈ ရက်၊ ည ၈ နာရီက စတင်၍ ဖျက်သိမ်းလျက်ရှိသည်။
အဆိုပါတံတားဖျက်သိမ်းနေခြင်းနှင့်ပတ်သက်၍ မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီ၊လမ်းတံတားဌာနမှူး ဦးမျိုးအောင်က "ဖျက်သိမ်းရေးလုပ်ငန်းကို ဒီညစလုပ်နေတယ်။ မနက်ဖြန်ဥပုဿ်နေ့ ဈေးပိတ်ရက်မှာ ဆက်လုပ်မယ်။ ဈေးလုပ်ငန်းလည်း မထိခိုက်အောင်လို့ပါ။ စက်ယန္တရားတွေနဲ့ ဖြတ်ချသွားမယ်။"ဟုပြောသည်။
ထိုသို့ဖျက်သိမ်းရခြင်းမှာ ဈေးချိုတော် အကျိုးဆောင်များနှင့် ဈေးသူ၊ဈေးသားများ၏ တင်ပြခဲ့ခြင်းကြောင့်ဖြစ်သည်။
အဆိုပါတံတားသည်၂၇လမ်း၏ အလယ်တွင်ရှိနေသလို တံတားအနီးတွင် လမ်းဘေးဆိုင်များ ရှိနေခြင်းတို့ကြောင့် ယာဉ်ကြောများပိတ် ဆို့မှုအမြဲတမ်းဖြစ်ပေါ်နေလျက်ရှိသည်။ ထို့အပြင် အဆိုပါတံတားကို အသုံးပြုသူမှာလည်း အလွန်းနည်းနေပြီဖြစ်သည်။
ဈေးချို ၈၄လမ်းမတစ်လျှောက်သည် အဆိုပါတံတားရှိခြင်းကြောင့် နံနက်ပိုင်းနှင့် ညနေပိုင်း ဈေးသိမ်းချိန်တွင် အချိန်ကြာမြင့်စွာယာဉ်ကြောများပိတ်ဆို့နေတတ်ပြီး တစ်ခါတရံ အမြဲလိုလို ယာဉ်ကြောကြပ်မှုများလည်း ဖြစ်ပေါ်လျှက်ရှိသည်။