ဖွဲ့စည်းပုံအခြေခံဥပဒေကို အသစ်ရေးမည့် ကော်မတီဖွဲ့စည်းရန် ၁၉၉၀ အနိုင်ရ ကိုယ်စားလှယ်များ စီစဉ်

ဖွဲ့စည်းပုံအခြေခံဥပဒေကို အသစ်ရေးမည့် ကော်မတီဖွဲ့စည်းရန် ၁၉၉၀ အနိုင်ရ ကိုယ်စားလှယ်များ စီစဉ်

ရန်ကုန်၊ မေ ၂၇ ။  ။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေကို ပြင်ဆင်ရန်မဖြစ်နိုင်သည့်အတွက် အသစ်ရေးဆွဲရန် ကော်မတီတစ်ရပ်ကို ဖွဲ့စည်းသွားမည် ဖြစ်ကြောင်း ၁၉၉၀ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များထံမှ သိရသည်။

"အရင်တုန်းက ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးဆိုပြီးတော့ NLDကလည်း တော်တော်လေး ကျယ်ကျယ်ပြန့်ပြန့် လုပ်ခဲ့တယ်လေ။ လက်မှတ်တွေလည်း ၅သန်းလောက်ယူခဲ့တယ်။ တစ်ဖက်ကလည်း CSOတွေ နိုင်ငံရေးပါတီတွေကလည်း ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးဆိုပြီးတော့ ဒီလှုပ်ရှားမှုတွေ လုပ်ခဲ့ပေမယ့် ဒါတွေက မအောင်မြင်ခဲ့ဘူး။ တစ်ဖက်ကလည်း ဖွဲ့စည်းပုံနဲ့ ပတ်သက်ရင် တပ်က ကာကွယ်စောင့်ရှောက်မယ်ဆိုတာနဲ့ပဲ စကားပြောနေတယ်။ ဒီလိုအခြေနေမျိုးနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကို လွှတ်တော်ထဲမှာ ပြင်မယ်ဆိုတာ လုံးဝမ ဖြစ်နိုင်တော့ဘူးဆိုတာ ကျွန်တော်တို့ သိတယ်"ဟု ၁၉၉၀ ခုနှစ် ငပုတောမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ် စားလှယ်ဟောင်း ဦးဒေးဗစ်လှမြင့်က ပြောသည်။

ကော်မတီကို ၁၉၉၀ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်းရင်းသားခေါင်းဆောင်များ၊ ပညာ ရှင် များနှင့် အရပ်ဖက်လူမှုအဖွဲ့အစည်းများဖြင့် ဖွဲ့စည်းသွားမည်ဟု ဆိုသည်။

၁၉၉၀ ရွေးကောက်ပွဲ ၂၆ ပြည့် အခမ်းအနားကို မေလ ၂၆ရက်က ရန်ကုန်မြို့ ယုဒဿန် ရိပ်သာတွင် ပြုလုပ်ခဲ့ပြီး ယင်းကဲ့သို့ ဆုံးဖြတ်ခဲ့ကြခြင်း ဖြစ်သည်။

ယင်း အခမ်းအနားမှ ဆုံးဖြတ်ချက် ၆ချက်နှင့် တောင်းဆိုချက် ၆ချက်ကို ချမှတ်ခဲ့ကြခြင်း ဖြစ်ပြီး အခမ်း အ နားသို့ ၁၉၉၀ခုနှစ် ရွေးကော်ခံ လွှတ်တော်ကိုယ်စားလှယ်များ၊ နိုင်ငံရေးအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြသည်။

အခမ်းအနားတွင် ၁၉၉၀ ရွေးကောက်ပွဲ သီပေါမြို့နယ် လွှတ်တော်ကိုယ်စားလှယ်ဟောင်း ရှမ်းအမျိုးသားများ ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးခွန်ထွန်းဦးကလည်း ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ခြင်းမပြုလုပ်နိုင်ပါက  လက်ရှိ ဖြစ်ပွားနေသော တိုင်းရင်းသားဒေသများမှ စစ်ပွဲများကို ရပ်တန့်နိုင်မည် မဟုတ်ကြောင်း ပြောကြားခဲ့သည်။

၁၉၉၀ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ အပါအဝင် လူထုလူတန်းစား အလွှာပေါင်းစုံ ပါဝင်သော နိုင်ငံရေး တပ်ပေါင်းစုတစ်ရပ်ဖွဲ့စည်းသွားမည် ဖြစ်ပြီး နိုင်ငံအတွင်း တရားဥပဒေစိုးမိုးရေးနှင့် လူ့အခွင့်အရေး ထိန်းသိမ်းကာကွယ်ရေးအတွက် လူ့အခွင့်ရေးချိုးဖောက်မှုဆိုင်ရာ စုံစမ်းဖော်ထုတ်ရေး ကော်မတီများကို နိုင်ငံတစ်ဝှမ်းရှိ ရပ်ကွက် ကျေးရွာများတွင် ဖွဲ့စည်းသွားမည်ဖြစ်ကြောင်း ၁၉၉၀ ရွေးကောက်ပွဲ ၂၆ ပြည့် အခမ်းအနား တောင်းဆိုချက်များအရ သိရသည်။

ဖွဲ့စည်းပုံအသစ်ရေးဆွဲရေးကော်မတီကို လာမည့် ၁လ၊ ၂လ အတွင်း စတတင်ဖွဲ့စည်းမည် ဖြစ်ပြီး ပါဝင်မည့် လွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်းရင်းသားကိုယ်စားလှယ်များနှင့် ပညာရှင်များကို ထုတ်ပြန်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required