နယ်စပ်တစ်လျောက် မြန်မာဒုက္ခသည်များအား ပြန်လည်နေရာချထားရန် အစိုးရသစ်ကို တိုက်တွန်း

နယ်စပ်တစ်လျောက် မြန်မာဒုက္ခသည်များအား ပြန်လည်နေရာချထားရန် အစိုးရသစ်ကို တိုက်တွန်း
ထိုင်း-မြန်မာ နယ်စပ်တစ်နေရာရှိ ရှမ်းဒုက္ခသည်စခန်းတစ်ခုကို တွေ့ရစဉ်။ (ဓာတ်ပုံ-သိင်္ဂီထွန်း)

ရန်ကုန်၊ မေ ၁၂ ။           ။ မြန်မာနိုင်ငံ နယ်စပ်တစ်လျောက်နှင့် အိမ်နီးချင်းနိုင်ငံများတွင် ခိုလုံနေရသည့် ဒုက္ခသည်များအား ပြန်လည်နေရာချထားရေးအတွက် အစိုးရသစ်အနေဖြင့် တိကျသည့် မူဝါဒများချမှတ်ရန် မြန်မာနိုင်ငံ ကျောင်းသားလူငယ်များကွန်ကရက် အထွေထွေအတွင်းမှူး စောဂျက်ပစီက တိုက်တွန်းလိုက်သည်။
 
အစိုးရသစ်လက်ထက်တွင် အိမ်နီးချင်းနိုင်ငံများ၌ ထွက်ပြေးခိုလုံနေရသည့် ဒုက္ခသည်များအရေး ဆောင်ရွက်ပေးစေလိုမှုအပေါ် ဆက်သွယ်မေးမြန်းစဉ် ၎င်းက ယခုကဲ့သို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။
 
"စစ်ဘေးရှောင်တွေကော ပြီးတော့ နယ်စပ် အိမ်နီးချင်းနိုင်င့တွေမှာ ခိုလုံနေရတဲ့လူတွေအတွက်ကောကို သေခြာတဲ့ မူဝါဒနဲ့ ပေါ်လ စီတွေချပြီးတော့ အစီစဉ်စွဲပြီးတော့ ပြန်လည်နေရာချထားရေးပဲ ဖြစ်ဖြစ် ယုံကြည်တဲ့ ပြန်လည် ရွှေ့ပြောင်းခြင်းပေါ့နော်။ သဘောက သူ့ရွာသူမပြန်ရလည်း သင့်တော်တဲ့နေရာတစ်ခုမှာ ကောင်းကောင်း ပြန်နေရဖို့ဆိုတဲ့ မူတွေချဖို့ အစိုးရကို လုပ်ဆောင်စေ ချင်တယ်" ဟု စောဂျက်ပစီက ပြောသည်။  

မေလ ၇ ရက်မှ မေလ ၉ ရက်အထိလည်း ထိုင်း - မြန်မာနယ်စပ်တစ်နေရာ၌ လက်ရှိ နိုင်ငံရေးအပြောင်းအလဲကာလတွင် နယ်စပ်အခြေစိုက် ဒီမိုကရေစီအင်အားစုများနှင့် တိုင်းရင်းသား အရပ်ဘက်လူထုအဖွဲ့အစည်းများ၏ အခန်းကဏ္ဍ နှင့် ပူးပေါင်း ပါဝင် ဆောင်ရွက်ရေးဆိုင်ရာ ညှိနှိုင်းတိုင်ပင် ဆွေးနွေးပွဲကို ပြုလုပ်ခဲ့ပြီး ထိုင်း-မြန်မာ နယ်စပ်တစ်နေရာတွင် လူထုအခြေပြု အဖွဲ့အစည်း ပေါင်း ၂၀ မှ ကိုယ်စားလှယ်စုစုပေါင်း ၅၆ ဦးတက်ရောက်ခဲ့ကြောင်း သိရသည်။

ယင်းဆွေးနွေးပွဲတွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်  ဦးဆောင်သောအစိုးရမှ အာဏာလွှဲပြောင်းယူပြီးနောက် ဖြစ်နိုင်ချေနိုင်ငံရေး အလားအလာများ၊ တိုင်းရင်းသားဒေသများအလိုက် အပြောင်းအလဲအခြေအနေများ၊ လက်ရှိအစိုးရလက်ထက် နိုင်ငံရေး အခြေအနေ နှင့် ဖြစ်ပေါ်လာနိုင်သည့်  ငြိမ်းချမ်းရေးဖြစ်စဉ် အလားအလာများအပေါ် ဆွေးနွေးသုံးသပ် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ယခင် စစ်အစိုးရလက်ထက်အတွင်း တိုင်းရင်းသားဒေသများ၌ ဖြစ်ပွားခဲ့သည့် တိုက်ပွဲများ၊ လူ့အခွင်ရေးချိုးဖောက်မှုများ၊ နှင့် စား ဝတ် နေရေး ခက်ခဲမှုများကြောင့် သိန်းနှင့်ချီသော ဒေသခံများသည် ထိုင်း - မြန်မာနယ်တစ်လျောက်ရှိ ဒုက္ခသည်စခန်းများတွင် ထွက်ပြေးခိုလုံနေကြရပြီး လက်ရှီအချိန်တွင် နေရပ်ပြန်လိုသူများ ရှိနေကြခြင်း ဖြစ်သည်။
လက်ရှိအချိန်တွင် မြန်မာနိုင်ငံအတွင်းရှိ တိုင်းရင်းသားဒေသအချို့၌ တိုက်ပွဲများဖြစ်ပွားနေပြီး နေရပ်စွန့်ခွာထွက်ပြေးတိမ်းရှေင် နေရသူများ တိုးမြှင့်လာနေလျှက်ရှိသည်။

"အစိုးရသစ်နဲ့ တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းတွေအနေနဲ့ ကျမတို့ရဲ့ အဆိုပြုတင်ပြချက်တွေကို နွေးထွေးတဲ့ တုံ့ပြန်မှုတွေနဲ့ကြိုဆိုပြီး ဒီမိုကရေစီအသွင်ကူးပြောင်းရေးကာလ လုပ်ငန်းစဉ်တွေမှာ ထည့်သွင်းစဉ်းစားပေးကြလိမ့်မယ်လို့  ယုံကြည် ပါတယ်" ဟု ၃ရက်တာပြုလုပ်သည့် အစည်းအဝေးဖြစ်မြောက်ရေး ကော်မတီအဖွဲ့ဝင် အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ) အထွေထွေအတွင်းရေးမှုး ဂျူလီယာမရစ်ပ်မှ ပြောသည်။

အဆိုပါ အစည်းအဝေး၌ အသွင်ကူးပြောင်းရေးကာလတွင် ဒီမိုကရေစီနှင့် ဖက်ဒရယ်ဖော်ဆောင်ရေးဖြစ်စဉ်နှင့် လုပ်ငန်းစဉ်များတွင် နယ်စပ်အခြေစိုက် အဖွဲ့အစည်းများအနေဖြင့် ပါဝင်လုပ်ဆောင်နိုင်မည်ဖြစ်သော လူ့အခွင့်အရေး၊ အမျိုးသမီးများ နိုင်ငံရေးတွင်ပါဝင်ရေး၊ သယံဇာတရယူအသုံးပြုမှု နှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး၊ အသွင်ကူးပြောင်းရေးကာလတရားမျှတမှု၊ ဖက်ဒရယ်ရေးရာ၊ ရွှေ့ပြောင်းအလုပ်သမားများနှင့်  ပညာရေးကဏ္ဍ၊ စစ်ရှောင်ဒုက္ခသည်များ ပြည်တွင်းရွှေ့ပြောင်း ပုန်းအောင်းနေရသူများ အရေးနှင့် တိုင်းရင်းသား မီဒီယာဖွံ့ဖြိုးတိုးတက်မှု စသည့် ကဏ္ဍ (၈) ခု ကိုသတ်မှတ်ခဲ့ပြီး အဆိုပါ အခန်းကဏ္ဍများအလိုက် စိန်ခေါ်မှုများ၊ အခွင့်အလမ်းများနှင့် လုပ်ဆောင်လိုသည့် ကိစ္စရပ်များအတွက် ဖြစ်နိုင်ချေအလားအလာများကို  ဆွေးနွေးတိုင်ပင်ခဲ့ကြသည်။

ယင်းဆွေးနွေးမှုများနှင့် ပတ်သက်၍ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဦးဆောင်သည့် အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်းများထံသို့လည်း အဆိုပြုချက်များ တင်ပြသွားရန် ဆုံးဖြတ်ထားကြောင်းလည်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly