ရုရှ နှင့် အီရန် တို့ရန်မှ ကာကွယ်နိုင်ရန် အမေရိကန် က ရိုမေးနီးယားတွင် ဒုံးကျည်ကာကွယ်ရေးစခန်း တစ်ခု ထားရှိမည်

ရုရှ နှင့် အီရန် တို့ရန်မှ ကာကွယ်နိုင်ရန် အမေရိကန် က ရိုမေးနီးယားတွင် ဒုံးကျည်ကာကွယ်ရေးစခန်း တစ်ခု ထားရှိမည်

မေ ၁၂ ။            ။ ရုရှ နှင့် အီရန် တို့ရန်မှ ကာကွယ်နိုင်ရန် ရိုမေးနီးယားနိုင်ငံတွင် ဒေါ်လာ သန်း ၈၀၀ ကုန်ကျမည့် ဒုံးကျည်ကာကွယ်ရေး ဇုန်တစ်ခုကို အမေရိကန်က ဖြန့်ကျက်ထားရှိ သွားတော့မည်ဖြစ်ကြောင်း သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

ရိုမေးနီးယား နိုင်ငံရှိ ဝေးလံသော အရပ်ဒေသ ဒီဗီဆီလူ လေတပ်အခြေစိုက် စခန်း၌  ရန်လိုတတ်သော နိုင်ငံများထံမှ ပစ်လွှတ်လိုက်နိုင်သည့် ဒုံးလက်နက်များကို ပစ်ချနိုင်စွမ်းရှိမည့် ပဲ့ထိန်းဒုံးခွင်း ကာကွယ်ရေး စခန်းကို စတင်ထားရှိ လုပ်ဆောင်သွားတော့မည်ဖြစ်ကြောင်း အမေရိကန် နှင့် နေတိုး တပ်ဖွဲ့မှ အရာရှိများက ပြောသည်။

" အီရန် က လက်ရှိအချိန်မှာ သူ့ရဲ့ ဒုံးလက်နက် တွေကို ဆက်လက် စမ်းသပ်လာနေပါတယ်၊ သူတို့ရဲ့ ဒုံးတွေက ပိုပြီးတော့ တိကျသေချာလာသလို အန္တရာယ်လည်း ပေးလာနိုင်ပါတယ်၊ အီရန် ရဲ့ ဒုံးလက်နက်စနစ်က ရိုမေးနီးယားအပါအဝင် ဥရောပဒေသအစိတ်အပိုင်းတွေကိုပါ ရောက်လာနိုင်ပါတယ်" ဟု အမေရိကန်နိုင်ငံ၏ လက်နက်ထိန်းချုပ်မှုဆိုင်ရာ အကြီးအကဲတစ်ဦးဖြစ်သည့် ဖရန် ရို့စ်ကပြောသည်။

တစ်ချိန်တည်းမှာပင် အမေရိကန် ဦးဆောင်သော ညွန့်ပေါင်းတပ်ဖွဲ့က မဟာဗျူဟာအရ အရေးပါသည့် ပင်လယ်နက်ဒေသဆီသို့ နီးကပ်သထက်နီးလာရန် ဝန်းရံလာနေသည်ဟု ရုရှအစိုးရက ပြောကြားထားသည်။ လက်ရှိအချိန်တွင် ရုရှ ရေတပ် ဌာန ရှိနေသော ပင်လယ်နက်ဒေသတွင် နေတိုးအုပ်စုက ကင်းလှည့်စောင့်ကြည့်မှုများ တိုးမြင့်လုပ်ဆောင်ရန် စီစဉ်လာနေသည်။

ရိုမေးနီးယားတွင် ထားရှိမည့် အမေရိကန်တို့၏ ယခု ဒုံးကျည်ကာကွယ်ရေး ဆိုဒ်တွင် အာကာသတွင်းသို့ ပစ်လွှတ်လိုက်သော ဒုံးကျည်များကို ထောက်လှမ်းသိရှိနိုင်မည့် ရေဒါစနစ်များကို အဓိကအသုံးပြုထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly