မန္တလေး ၊မေ ၉ ။ ။ မန္တလေးမြို့၊မင်္ဂလာဈေးမီးလောင်ရာတွင် ပါသွားသည့်ဆိုင်ခန်းရှင်များကို ၃၅လမ်းနှင့်၇၁လမ်းထောင့်ရှိ မဟာနွယ်စဉ် အားကစားကွင်းတွင် ယာယီဆိုင်ခန်းများတည်ဆောက်၍ ဈေးရောင်းချခွင့်ပေးသွားမည်ဟု မြို့တော်ဝန် ဒေါက်တာရဲလွင် က မေလ ၉ ရက်၊မွန်းလွဲ ၁ နာရီတွင် မြို့တော်ခန်းမ၌ ပြုလုပ်သည့် မီးဘေးသင့်ဈေးသူ၊ဈေးသားများနှင့်တွေ့ဆုံစဉ် ပြောကြားသည်။
"ယာယီဈေးမှာ ထွက်ဖို့စာရင်ပေးဖို့စီစဉ်ထားပါတယ်။ကျွန်တော့်ဘက်က လုပ်လည်းလုပ်ပေးမယ်။ အရေးလည်းယူမယ်။နာမည်ပေးထားတယ်။ မထွက်ဘူး။ဒါဆို ဆိုင်ခန်းပြန်သိမ်းမယ်။လျှော်ကြေးတောင်းမယ်။မူလနေရာလည်း ပြန်ချပေးချင်မှပေးပါမယ်။မဖွင့်ဘဲနဲ့တော့ စာရင်းမပေးပါနဲ့"ဟု မြို့တော်ဝန် ဒေါက်တာရဲလွင်ကပြောသည်။
အဆိုပါ ယာယီဈေးတည်ဆောက်မှုအား မေ ၁၀ ရက်တွင်စတင်ဆောင်ရွက်သွားမှာဖြစ်ပြီး တည်ဆောက်ရာတွင် လုံခြုံမှုရှိစေရန်အတွက် အားကစားကွင်းအား ခြံခတ်ပေးမှာဖြစ်သည်။အများသုံးအိမ်သာများလည်း တည်ဆောက်ပေးသွားမည်ဟု ဒေါက်တာရဲလွင်က ဆိုသည်။
"ပုံစံက ထုတ်ပြီးသားပါ။ဈေးဆောက်တယ်ဆိုတာတော့ မမြန်ပါဘူး။အမြန်ဆုံးပြီးအောင် အကောင်အထည်ဖော်ပေးသွားမှာပါ။"ဟု ဒေါက်တာရဲလွင်က ပြောသည်။
ယာယီဈေးတွင်ရောင်းချမည့်သူများအနေဖြင့် အခမဲ့ရောင်းချခွင့်ပေးသွားမည်ဖြစ်သည်။
"အခကြေးငွေတပြားမှပေးစရာမလိုပါဘူး။စာရင်းပေးရင် ရပါပြီ။"ဟု ဒေါက်တာရဲလွင်က ပြောသည်။
အဆိုပါ အားကစားကွင်းနေရာသို့ ယာယီဈေးတည်ဆောက်ပေးရန် ဈေးသူ၊ဈေးသားများမှ တောင်းဆိုခဲ့ခြင်းကြောင့် တည်ဆောက်ပေးရန်စီစဉ်ခြင်းဖြစ်သည်ဟု ဒေါက်တာရဲလွင်က ဆိုသည်။
တွေ့ဆုံဆွေးနွေးပွဲသို့ ဈေးသူဈေးသား ၆၈၀ ဦးတက်ရောက်ခဲ့ကြသည်။