ဟူးကောင်းမြေယာကိစ္စ တွေ့ဆုံဆွေးနွေးမှု အဖြေမရ

ဟူးကောင်းမြေယာကိစ္စ တွေ့ဆုံဆွေးနွေးမှု အဖြေမရ

ချင်းမိုင် ၊ မေ ၇ ။                   ။ ကချင်ပြည်နယ် ဟူးကောင်းဒေသခံ တောင်သူများနှင့် ယုဇနကုမ္ပဏီတို့ဖြစ်ပွားနေသည့် မြေယာပြဿနာကိစ္စ အတွက် ဖားကန့်မြို့နယ်  ဌာနဆိုင်ရာများမှ တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးရာတွင် အဖြေမရဘဲ အထက်သို့ ပြန်လည် တင်ပြသွားရန်သာ ပြောဆိုခဲ့သည်ဟု သိရသည်။

မေ ၇ ရက် နံနက် ၁၀ နာရီခွဲ မှ ၁၁ နာရီကျော်ထိ နောင်းမီကျေးရွာအုပ်ချုပ်ရေးရုံးတွင် ဖားကန့်မြို့နယ် မြေစာရင်းဦးစီးမှူးနှင့် ဌာနဆိုင်ရာများမှ ပုဂ္ဂိုလ် ၅ ဦးတို့ ရောက်ရှိလာကာ တောင်သူများဘက်မှ ကိုယ်စားလှယ် ၄ ဦးနှင့် ယုဇန ကုမ္ဗဏီမှ တာဝန်ရှိသူ ၂ ဦးတို့ တွေ့ဆုံဆွေးနွေးခြင်း ဖြစ်သည်။

မေလ ၄ ရက်က မြစ်ကြီးနား-တနိုင်း လီဒိုလမ်းမပေါ်ရှိ နောင်းမီကျေးရွာအုပ်စုရှိ ဒေသခံ တောင်သူ ၁၆၀ ကျော် လုပ်ကိုင်နေသော လယ်ယာနှင့် ယာခင်းများသို့ ယုဇန ကုမ္ပဏီမှအလုပ်သမားများ ၈၀ ကျော်က မြေတူးစက်များဖြင့် ရောက်ရှိလာကာ ယုဇန ကုမ္ပဏီ ဧရိယာ ဖြစ်ကြောင်း ပိုင်နက် နယ်မြေ မကျူးကျော်ရဟုဆိုက ခြိမ်းခြောက်၍ ဘက်ဖိုးနှင့် ဘူဒိုဇာတို့ဖြင့် မြေများထိုးလန်ခဲ့သဖြင့် အပြန်အလန် ပဋိပက္ခ ဖြစ်ပွားခဲ့သဖြင့် ယနေ့တွင် ဖားကန့်မြို့နယ် အစိုးရဌာနဆိုင်ရာများက လာရောက် တွေ့ဆုံဆွေးနွေးခဲ့ခြင်း ဖြစ်သည်။

“ယုဇန ကုမ္ဗဏီရဲ မြေဧရိယာ ဘယ်လောက် ဆိုတာကို မြို့နယ်ဦးစီးမှူးကို ကျွန်တော်တို့ မေးကြည့်တဲ့အခါကြတော့ မြို့နယ် ဦးစီးမှူးလည်း ကျွန်တော်တို့ ဆီမှာ မရှိပါဘူးတဲ့။ မရှိဘူးဆိုရင်တော့ ဒီမြေနေရာက နောင်းမီကနေ ၁၀ ရွာ ဝရာဇွပ် တနိုင်းမြို့နယ်ထိက ဖားကန့်မြို့နယ်ထဲ သက်ဆိုင်တယ်။ ဒါပေမဲ့ မြေယာ မြေလုပ်ပိုင်ခွင့် ဖားကန့်မြို့နယ်က လူတွေတောင် မသိဘူးဆိုတော့ သူကလိမ်ကကျစ်လုပ်တယ်ဆိုတာ ပေါ်လွင်လာပြီ။ တိုင်းရင်လည်း အလကားပါဘဲဆိုပြီးကျွန်တော်တို့ ကိုတိုင်းခွင့်မပေးဘူး”ဟု တောင်သူ ဦးဆိုင်းအောင်က ပြောသည်။

တွေ့ဆုံဆွေးနွေးမှုတွင် အစိုးရ မြေစာရင်းမှူးနှင့် အဖွဲ့ဘက်က ပြဿနာအား ဖြေရှင်းရန်၊ ဆုံးဖြတ်ပေးရန် ရောက်ရှိလာခြင်း မဟုတ်ဘဲ ယုဇန ကုမ္ပဏီ၏ လုပ်ပိုင်ခွင့်မြေယာများကို တိုင်းတာရန် ရောက်လာခြင်းသာ ဖြစ်သည်ဟု သူက ဆိုသည်။

“သူတို့က ဒီပြဿနာကို ဆုံးဖြတ်ပိုင်ခွင့် မရှိဘူး။ ဖြေရှင်းလို့တော့ မရပါဘူး။ ဒါပေမဲ့ လယ်ယာမြေ ယုဇန ပိုင်နက် ဟုတ်မဟုတ်၊ တောင်သူဘက်က ပိုင်တာ ဟုတ်မဟုတ် လာတိုင်းဖို့ လာတယ်ဆိုပြီး ဖြစ်ပြောတယ်။ ဘယ်ဘက်က မှန်တယ် မှားတယ်ဆိုတာ သိရှိအောင်ဆင်းလာတာပါဘဲ၊ ယုဇန ဧရိယာက ဘယ်လောက်၊ တောင်သူများ လုပ်နေတဲ့ လယ်ယာ ဘယ်လောက်ထိ ကျူးကျော်သွားတယ်ဆိုတာ မျိုးမေးတယ်”ဟု သူက ပြောသည်။

အဆိုပါ လယ်ယာမြေများသည့် ၁၉၆၀ -၁၉၇၀ ခုနှစ်ကတည်းက ဘိုးစဉ်ဘောင်ဆက် လုပ်ကိုင်စားသောက်လာသည့် မြေယာများ ဖြစ်သလို၊ ထိုအချိန်က အစိုးရထံမှ ပြေစာ အထောက်အထားများလည်း ရရှိထားများရှိသော်လည်း ယုဇန ကုမ္ဗဏီဘက်မှ အတင်းအဓမ္မ သိမ်းယူခဲ့ခြင်းသာဖြစ်သည်ဟု တင်ပြခဲ့သည်ဟု ဦးဆိုင်းအောင်က ပြောသည်။

“ယုဇနလည်း ဘာမှ အထောက်အထားမရှိဘူး။ ဒီနေရာက ကျွန်တော်တို့ ဘိုးဘွားစဉ်ဆင်ဘောင်ဆက် လုပ်လာခဲ့တယ်။ ကျွန်တော်တို့မှာ အထောက်အထားတွေရှိတယ်။ အရင်ကပေးထားတဲ့ ၁၀၅၊ ၁၀၆ ပြေစာတွေလည်း ရထားပြီးသားပါ။ သူတို့ အတင်း လာမောင်းထုတ်လို့ ကျနော်တို့ ထွက်ပြေးနေရတာ။ အခုက ဆက်ပြီး ပြန်လုပ်မယ်လို့ ပြောထားတယ်”ဟု သူက ဆိုသည်။

ယုဇန ကုမ္ဗဏီ၏ မြေယာသိမ်းယူခဲ့မှုကြောင့် တောင်သူများ၏ လယ်ယာလုပ်ကိုင် စားသောက်ရန် နေရာမရှိသည့် အခက်အခဲများနှင့် ယခုကဲ့သို့ ပဋိပက္ခများ ဖြစ်ပွားခဲ့မှုများကို တောင်သူများဘက်မှ အထက်သို့ စာရေးသားတင်ပြသွားရန် အစိုးရ တာဝန်ရှိသူများက တိုက်တွန်းခဲ့သည်ဟု သူက ပြောသည်။

၂၀၀၆-၂၀၀၇ ခုနှစ်မှစတင်၍ ဟူးကောင်းဒေသရှိ ကျားထိန်းသိမ်းရေးနယ်မြေအတွင်း မြေဧက ၃ သိန်းကျော်ရှိ လယ်ယာမြေများကို ယုဇန ကုမ္ပဏီက ပီလောပီနံ စိုက်ပျိုးရေးစီမံကိန်းအတွက် သိမ်းယူခဲ့သဖြင့် တောင်သူများက လယ်ယာမြေ ပြန်လည် ရရှိရန်အတွက် ဆန္ဒပြတောင်းဆိုခဲ့သော်လည်း ယခုထိ လယ်ယာများ ပြန်လည် ရရှိခြင်း မရှိသေးပေ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly