ကူမင်း၊ မေ ၁ ။ ။ ပြီးခဲ့သည့်လက မြန်မာနယ်စပ် တရုတ်ဖက်ခြမ်းတွင် တရုတ်ရဲဌာနက မူးယစ်မှောင်ခိုကုန်ကူးမှု ခုနစ်မှုကို နှိမ်နှင်းဖြိုခွင်းကာ မူးယစ်ဆေးဝါး ၂၂၀ ကီလိုဂရမ်ကို ဖမ်းဆီးရမိခဲ့သည်။
ဖမ်းဆီးရမိသည့် မူးယစ်ဆေးဝါးများမှာ မီသာဖက်သမင်း ၁၈၆ ကီလိုဂရမ်၊ ဘိန်းဖြူ ၉ ဒဿမ ၄ ကီလိုဂရမ်နှင့် ဘိန်းမည်း ၂၇ ကီလိုဂရမ်ဖြစ်ကြောင်း ယူနန်ပြည်နယ် Menglian စီရင်စု ပြည်သူ့လုံခြုံရေးဗျူရိုက ဧပြီ ၃၀ ရက်တွင် သတင်းထုတ်ပြန်သည်။
မူးယစ်မှောင်ခိုကုန်ကူးသူ ၂၃ ဦးအား ဖမ်းမိကြောင်းလည်း ထုတ်ပြန်သည်။
ဧပြီလလယ်တွင်းက တစ်ခုသောနှိမ်နှင်းမှုတွင် မူးယစ်ဆေးဝါး ၁၂၀ ကီလိုဂရမ်ကို ဖမ်းဆီးရမိခြင်းဖြစ်သည်။
တရုတ်နိုင်ငံ ဟူဘေးပြည်နယ်သို့ မီသာဖက်သမင်း ၂၆ ကီလိုဂရမ် သယ်ဆောင်လာသည့် အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးတို့ကို ဧပြီ ၈ ရက်က ဖမ်းဆီးရမိသည်။
ဧပြီ ၁၈ ရက်တွင် အနီးရှိ ကွမ်ကျို့ပြည်နယ်ရဲဌာနနှင့်အတူ မူးယစ်တိုက်ဖျက်ရေးအာဏာပိုင်များ ပူးပေါင်းစစ်ဆင်ရေးအတွင်း ဘိန်းဖြူ ၉ ဒဿမ ၄ ကီလိုဂရမ်နှင့် မှောင်ခို ၁၀ ဦးကို ဖမ်းဆီးမိသည်။
နယ်စပ်ဖြတ်ကျော်မူးယစ်မှောင်ခိုကုန်ကူးမှုများက ယင်းဒေသတွင် ကြီးထွားလျက်ရှိသည်။