ပုသိမ်၊ ဧပြီ ၂၉ ။ ။ ဧရာဝတီတိုင်းဒေသကြီး၊ ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၁၆-၁၇ ဘဏ္ဍာရေးနှစ်တွင် ငွေလုံးငွေရင်းခွင့်ပြုရန်ပုံငွေမှ ကျပ်ငွေ ၂၇.၉၂၈၁၉၂ ဘီလျံ သုံးစွဲခွင့်ပြုထားကြောင်း ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရှိရသည်။
ခွင့်ပြုထားသည့် လုပ်ငန်းများမှာ ကွန်ကရစ်လမ်း ၂၈မိုင်ကျော်၊ ကတ္တရာလမ်း ၂.၇ဖာလုံ၊ ကျောက်ချောလမ်း မိုင်၉၀ကျော်၊မြေသားလမ်းနှင့်ဂျင်း ဂဝံလမ်း၊ သစ်သားတံတား ၅၈စင်း၊ ကွန်ကရစ်တံတား ၂၆စင်း၊ Box Culvert၊ ရေတွင်းအမျိုးအစားများအဖြစ် တွင်းနက်၊ လက်တူးတွင်း၊ မြေသားမိုးရေလှောင်ကန်နှင့် ဆိုလာမီးလင်းရေးလုပ်ငန်းတို့ဖြစ်သည်။
"ဒီနှစ်က တင်ဒါကို ပွင့်လင်းမြင်သာခေါ်မှာပါ။ လုပ်ငန်းတွေကို မြို့နယ်မှူးတွေကို စိစစ်ခိုင်းမှာပါ။ မနှစ်က မြို့နယ် အုပ်ချုပ်ရေးမှူးတွေ ထောက်ခံပေးတာတွေ၊ ဒီနှစ်က အဲဒီလိုမလုပ်တော့ဘူး။ အားလုံးပွင့်လင်းမြင်သာ လုပ်ဆောင်မှာပါ"ဟု ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေးဦးစီးဌာန ညွန်ကြားရေးမှူး ဦးစိုးသန်းက ပြောသည်။
ကျွန်တော်တို့ ဒီလကုန်မှာ တင်ဒါခေါ်မယ်။ တလ အချိန်ပေးမယ်။ မေလကုန်ရင် တင်ဒါပိတ်မယ်။ တင်ဒါဖွင့်မယ်တရက်ကို ကြိုတင်အသိပေးပါမယ်။" ဟု ဆက်လက်ပြောသည်။
၂၀၁၅-၁၆ဘဏ္ဍနှစ်တွင် ငွေလုံးငွေရင် ခွင့်ပြုငွေမှ ကျပ် ၃၈.၅သန်းကျော်အား ဧရာဝတီတိုင်းဒေသကြီးတွင် ကွန်ကရစ်လမ်း၊ကျောက်ချောလမ်း၊ မြေသား၊ ကွန်ကရစ်တံတား၊ သစ်သားတံတားနှင့် ရေပြွန်တံတား၊ တွင်းတိမ်၊ တွင်းနက်၊ လက်တူးတွင်း၊မြေသားမိုးရေလှောင်ကန်၊ ဆိုလာမီးလင်းရေး၊ လျှပ်စစ်မီးလင်းရေး၊ ဇီဝမီးလင်းရေး၊ တန်ဖိုးနည်းအိမ်ရာ၊ ယင်လုံအိမ်သာနှင့် ရုံးအဆောက်အဦးများအတွက် ကျေးလက်ဦးစီးမှ လုပ်ဆောင်ခဲ့သည်။