စစ်ကောင်စီနဲ့ပူးပေါင်းကာ သတ္တုတူးဖော်ရေးလုပ်ဆောင်နေသူတွေကို ထပ်တိုးအရေးယူဖို့ ဗြိတိန်အစိုးရကိုတိုက်တွန်း

စစ်ကောင်စီနဲ့ပူးပေါင်းကာ သတ္တုတူးဖော်ရေးလုပ်ဆောင်နေသူတွေကို ထပ်တိုးအရေးယူဖို့ ဗြိတိန်အစိုးရကိုတိုက်တွန်း

စစ်ကောင်စီရဲ့ အုပ်ချုပ်မှုအောက်မှာရှိနေတဲ့ သတ္တုတူးဖော်ရေးလုပ်ငန်းတွေအပါအဝင် သတ္တုတူးဖော်ရေးနဲ့ ပတ်သက်နေတဲ့ လူပုဂ္ဂိုလ်တွေကို ဒဏ်ခတ်ပိတ်ဆို့အရေးယူမှု လုပ်ပေးဖို့ Justice For Myanmar (JFM) အဖွဲ့က ဗြိတိန်အစိုးရကို တိုက်တွန်းထားပါတယ်။

မြန်မာစစ်အုပ်စုအပေါ် ယူကေ အစိုးရရဲ့ ပိတ်ဆို့ အရေးယူမှုတွေ နှေးကွေးနေတာကြောင့် ဗြိတိန်ပိုင် Greenway သတ္တုတူးဖော်ရေး ကုမ္ပဏီဟာ  မြန်မာနိုင်ငံမှာ သူ့ရဲ့လုပ်ငန်းတွေကို တိုးချဲ့လုပ်ကိုင်ခွင့် ရနေတယ်လို့ မြန်မာအရေး တက်ကြွလှုပ်ရှားတဲ့အဖွဲ့ဖြစ်တဲ့ Justice For Myanmar (JFM) ရဲ့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

အဆိုပါ Greenway Mining Group Limited ဟာ ယူကေ အစိုးရရဲ့ ပိတ်ဆို့ အရေးယူမှုစာရင်းမှာ မပါသေးတဲ့၊  စစ်အုပ်စုက လက်ရှိထိန်းချုပ်ထားတဲ့ သတ္တုတွင်းလုပ်ငန်း တို့နဲ့ပူးပေါင်းပြီး မြန်မာနိုင်ငံမှာ စီးပွားရေးလုပ်ငန်းတွေ လုပ်ကိုင်နေတာပါ။

ဗြိတိန်ရဲ့ နိုင်ငံရပ်ခြား ပိုင်နက်နယ်မြေမှာ ကုမ္ပဏီထူထောင်ပြီး၊ တရုတ်နိုင်ငံ၊ ကူမင်းမြို့ မှာ အခြေစိုက် လုပ်ကိုင်နေတဲ့ Greenway Mining Group Limited ဟာ မြန်မာစစ်တပ်ရဲ့ တရားမဝင် အာဏာသိမ်းကြိုးပမ်းမှုနောက်ပိုင်း လုပ်ငန်းများတိုးချဲ့ လုပ်ကိုင်ခွင့် ရနေတာဖြစ်တယ်လို့  Justice For Myanmar က ဝေဖန်ပြောဆိုထားပါတယ်။

ဒါကြောင့် ဗြိတိန်နိုင်ငံအနေနဲ့ ၎င်းတို့ရဲ့ မိတ်ဖက်တွေဖြစ်တဲ့ အမေရိကန်ပြည်ထောင်စု၊ အီးယူ နဲ့ ကနေဒါနိုင်ငံတွေလို စစ်အုပ်စုက ထိန်းချုပ်ထားတဲ့ အမှတ် (၁) သတ္တုတွင်းလုပ်ငန်း (ME 1) နဲ့ အမှတ် (၂) သတ္တုတွင်းလုပ်ငန်း (ME 2) တို့ကို ပိတ်ဆို့ အရေးယူထားခြင်း မရှိသေးတာကြောင့်  ဗြိတိန်ကုမ္ပဏီဖြစ်တဲ့  Greenway သတ္တုတူးဖော်ရေး ကုမ္ပဏီဟာ စစ်အုပ်စုနဲ့ စီးပွားရေး ပူးပေါင်းလုပ်ကိုင်နိုင်နေတာလည်း ဖြစ်ပါတယ်။

စစ်အုပ်စုရဲ့  သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိမ်းသိမ်းရေးဝန်ကြီး ခင်မောင်ရီကို အမေရိကန်ပြည်ထောင်စု၊ အီးယူ နဲ့  ကနေဒါနိုင်ငံတို့က ဒဏ်ခတ်ပိတ်ဆို့မှုတွေ ချမှတ်ထားပြီး ဖြစ်ပေမယ့်၊ ယူကေနိုင်ငံက ဒဏ်ခတ်ပိတ်ဆို့မှု မရှိသေးတဲ့အပေါ်မှာလည်း JFM ကထောက်ပြဝေဖန်ခဲ့ပါတယ်။

ယူကေနိုင်ငံခြားရေးဝန်ကြီး ဒေးဗစ်ကင်မရွန်းအနေနဲ့ အမှတ် (၁) နဲ့ အမှတ် (၂) သတ္တုတွင်းလုပ်ငန်း တို့ကို ချက်ချင်း ပိတ်ဆို့ အရေးယူဖို့ကိုလည်း JFM က တောင်းဆိုထားပါတယ်။

ဒါ့အပြင်  စီးပွားရေးနဲ့ လူ့အခွင့်ရေးဆိုင်ရာ ကုလသမဂ္ဂလမ်းညွှန် အခြေခံမူများနဲ့အညီ စစ်အုပ်စုနဲ့ ပူးပေါင်းလုပ်ကိုင်နေတဲ့ စီးပွားရေးလုပ်ငန်းအားလုံးကို ချက်ချင်းရပ်ဆိုင်းဖို့ Greenway ကုမ္ပဏီကို တောင်းဆိုထားပါတယ်။

စစ်ကောင်စီရဲ့ နိုင်ငံခြားရေးဝန်ကြီးဟောင်း ဦးဝဏ္ဏမောင်လွင်၊ ဒုတိယဗိုလ်ချုပ်ကြီးညိုစော၊ ဒေါက်တာ မှုထန်နဲ့ အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်လှမိုးတို့နဲ့အတူ စစ်ကောင်စီကို လက်နက်နဲ့ဆက်စပ်ပစ္စည်းတွေ ပံ့ပိုးပေးနေတဲ့ Star Sapphire ကုမ္ပဏီအုပ်စု နဲ့ Royal Shune Lei ကုမ္ပဏီတို့ကို EU က ဒဏ်ခတ်ပိတ်ဆို့ကြောင်း ဒီဇင်ဘာလ ၁၁ ရက်နေ့က ထုတ်ပြန်ခဲ့ပါတယ်။

ဗြိတိန်အစိုးရကလည်း ကရင်ပြည်နယ် နယ်ခြားစောင့်တပ် ( BGF ) ဗိုလ်မှူးကြီး စောချစ်သူ၊ သူနဲ့အတူ လုပ်ငန်းလုပ်ကိုင်နေတဲ့ ချစ်လင်းမြိုင်ကုမ္ပဏီ ဒါရိုက်တာ စောမင်းမင်းဦး၊ တရုတ်လူမျိုး စီးပွားရေးလုပ်ငန်းရှင် ရှီဇီကျန်းတို့ကို အရေးယူပိတ်ဆို့ခဲ့ပါတယ်။

ကနေဒါအနေနဲ့လည်း လူမျိုးတုံးသတ်ဖြတ်မှု၊ လူသားမျိုးနွယ်အပေါ် စစ်ရာဇဝတ်မှုတွေကျူးလွန်နေတဲ့ အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ဒဏ်ခတ်အရေးယူပိတ်ဆို့တဲ့အကြောင်း ဒီဇင်ဘာလ ၈ ရက်က ထုတ်ပြန်ခဲ့ပါတယ်။

စစ်ကောင်စီအပေါ် ပိတ်ဆို့အရေးယူမှုတွေ ရှိနေပေမဲ့ လက်ရှိအခြေအနေမှာ အကောင်အထည်ဖော်ဆောင်ရွက်မှုတွေ နှေးကွေးနေသေးတဲ့အတွက် စစ်ကောင်စီရဲ့ လက်နက်နဲ့ဘဏ္ဍာငွေ အရင်းအမြစ်တွေကို ဖြတ်တောက်ဖို့ အရေးတကြီးလုပ်ဖို့ ပိုလိုအပ်နေတယ်လို့လည်း JFM ဆိုထားပါတယ်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly