တနင်္သာရီတိုင်း၊ မြိတ်မြို့နယ် အခြေစိုက် Dawei Watch သတင်းသမား နှစ်ဦးကို ဒီဇင်ဘာ ၁၁ ရက်နေ့ ညသန်းခေါင်အချိန် နေအိမ်တွင် စစ်ကောင်စီက အဖွဲ့ပေါင်းစုံနှင့်အတူ လာရောက်ဖမ်းဆီးသွားကြောင်း မိသားစုဝင်များထံမှ သိရသည်။
Dawei Watch သတင်းသမား နှစ်ဦး ဖြစ်သော ကိုအောင်ဆန်းဦးနှင့် ကိုမျိုးမြင့်ဦးတို့ကို ရှေ့ဆင့်နောက်ဆင့် လာရောက်ဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစ်ကြောင်း မိသားစုဝင်များနှင့် ဒေသခံများ၏ ပြောကြားချက် အရ သိရသည်။
ဖမ်းဆီးခံ ကိုအောင်ဆန်းဦးရဲ့ ဇနီးဖြစ်သူက “၁၁ ရက်နေ့ညက စစ်သားတွေရော အုပ်ကြီးတွေပါ အင်အားအများကြီးနဲ့ အိမ်ကို လာဝိုင်းပြီး ကျွန်မ အမျိုးသားကို လာဖမ်းသွားတာပါ၊ လာဖမ်းတဲ့ အချိန်မှာ သတင်းရေးနေတယ် ပြောဆိုပြီး လာဖမ်းတာမျိုးပါ၊ အိမ်က အမျိုးသားကိုင်တဲ့ ကွန်ပြူတာ လက်တော့ပ်နဲ့ မိသားစုဝင်တွေရဲ့ ဖုန်း သုံးလုံးကို သိမ်းသွားတာ ဖြစ်တယ်”ဟု ပြောသည်။
ထို့အတူ ကိုအောင်ဆန်းဦးကို စစ်ကောင်စီက ဖမ်းဆီး ခေါ်ဆောင်သွားပြီးနောက် အချိန်အနည်းငယ်အကြာတွင် မြိတ်တောင်နယ်မြေ ဇေယျာသီရိ (၄) ရပ်ကွက်တွင် နေထိုင်သူ ကိုမျိုးမြင့်ဦးကိုလည်း လူ ငါးဦးက ဧည့်စာရင်း စစ်စရာရှိသည်ဟု ပြောဆိုကာ အိမ်စီးကား နှစ်စီးဖြင့် လာရောက် ဖမ်းဆီးသွားခြင်းဖြစ်ကြောင်း မိခင်ဖြစ်သူနှင့် ယင်းရပ်ကွက်နေ ဒေသခံများက ပြောသည်။
“အန်တီလည်း ရုတ်တရက်ဆိုတော့ ထူပူပြီး ဘာဖြစ်သွားမှန်းတောင် မသိ လိုက်ရဘူး၊ လာခေါ်သွားတာပဲ သိရတယ်၊ သားကို ခေါ်သွားချိန်မှာ သားကတော့ မှာသွားတာပဲ၊ အမေ ဘာမှ စိတ်မပူနဲ့ မနက်ဖြန် ရုံးကို လိုက်လာဖို့ မှာသွားတယ်”ဟု ကိုမျိုးမြင့်ဦး၏ မိခင်ဖြစ်သူက ပြောသည်။
လက်ရှိတွင် ဖမ်းဆီးခံ သတင်းသမား နှစ်ဦး စလုံးသည် ယနေ့ ဒီဇင်ဘာ ၁၃ ရက်နေ့တွင် လုံး၀အဆက်အသွယ် မရရှိသေးသလို ဘယ်မှာမှ စုံစမ်းလို့ မရသေးကြောင်း မိသားစုဝင်များက ပြောဆိုထားသည်။
အဆိုပါ မြိတ်မြို့နယ် အခြေစိုက် Dawei Watch သတင်းသမား နှစ်ဦး ဖမ်းဆီးခံရခြင်းနှင့် ပတ်သက်ပြီး ယနေ့ ဒီဇင်ဘာ ၁၃ ရက်နေ့တွင် သတင်း ထုတ်ပြန်ထားသည်။
“ကျွန်တော်တို့ သတင်းသမား နှစ်ဦး ဖမ်းဆီးခံရတာကို ဒီနေ့ပဲ ကျွန်တော်တို့ သတင်းထုတ်ပြန်ထားပါတယ်၊ ကျွန်တော်တို့ကတော့ မိသားစုတွေနဲ့ ဆက်သွယ်ပြီးတော့ သူတို့ ဘယ်မှာ ရှိနေလဲ မေးမြန်း စုံစမ်းနေတယ်၊ သို့သော် အခုချိန်အထိ သူတို့ ဘယ်မှာရှိတယ်ဆိုတာ တိကျတဲ့အဖြေ မရသေးပါဘူး၊ ကျွန်တော်တို့ နောက်ဆုံး သိထားရတဲ့ အခြေအနေကတော့ စစ်ကြောရေး စခန်းမှာ ချုပ်နှောင် စစ်ဆေးခံ နေရတယ်လို့တော့ ကြားရတာမျိုးတော့ ရှိတယ်”လို့ Dawei Watch ၏ အယ်ဒီတာချုပ်က ပြောဆို သည်။
Dawei Watch မီဒီယာမှာ မြန်မာနိုင်ငံတွင် သတင်း မီဒီယာလိုင်စင်ဖြင့် လုပ်ကိုင်နေသည့် သတင်းဌာန တခုဖြစ်ပြီး သတင်းစာကျင့်ဝတ်နှင့်အညီ သတင်းများကို ရေးသားထုတ်လုပ်နေသည့် မီဒီယာတခုဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ထို့အတူ သတင်းရေးသားခြင်းမှာ ပြစ်မှုကျူးလွန်ခြင်း မဟုတ်သည့် အတွက် ဖမ်းဆီးပိုင်ခွင့် မရှိကြောင်း၊ ယင်းအပြင် သတင်းဌာန တခု၏ သတင်းထောက်များကို ညသန်းခေါင်အချိန်တွင် ဖမ်းဝရမ်းမပါဘဲ ဖမ်းဆီးသွားသလို မည်သည့် နေရာတွင် ဖမ်းဆီးစစ်ဆေးနေကြောင်းကိုလည်း စစ်ကောင်စီက ထုတ်ဖော်ပြောကြား ဆက်သွယ်လာခြင်း မရှိသေးဟု Dawei Watch သတင်းဌာနက ထုတ်ပြန်ထားသည်။
ဖမ်းဆီးစဉ်တွင် သတင်းသမား နှစ်ဦးထံမှ Dawei Watch မီဒီယာပိုင် လပ်တော့ပ် နှစ်လုံး အပါအဝင် သတင်းထောက်များ၏ ဖုန်းများနှင့် မိသားစုဝင်များ၏ ဖုန်းများကို သိမ်းဆည်းသွားကြောင်း သိရှိရသည်။
ဥပဒေမဲ့ ဖမ်းဆီး စစ်ဆေးခြင်း ခံနေရသည့် Dawei Watch မီဒီယာ၏ သတင်းသမား နှစ်ဦးကို အမြန်ဆုံး ပြန်လွှတ်ပေးရန်လည်း တောင်းဆို ထားသည်။
စာတည်း - သန့်ဇော်(သန်လျင်)