ဧပြီ ၂၉၊ လန်ဒန် ။ ။ စပါးအသင်း၏ အဓိက ကွင်းလယ်ကစားသမား ဒယ်လီအယ်လီသည် ဝက်စ်ဘရွန်းကစားသမား ယာကော့ကို တိုက်ခိုက်ခဲ့သည့်အတွက် သုံးပွဲပယ်ပြစ်ဒဏ် ချမှတ်ခံလိုက်ရပြီ ဖြစ်သည်။
၁-၁ ဂိုးရလဒ်ဖြင့် သရေကျခဲ့သည့် ထိုပွဲစဉ်တွင် အယ်လီသည် ယာကော့၏ ဝမ်းဗိုက်ကို ဧရိယာစည်းအတွင်း လက်ဖြင့်ထိုးခဲ့ခြင်းဖြစ်သည်။ အဆိုပါဖြစ်ရပ်ကို ကွင်းလယ်ဒိုင်လူကြီးက မမြင်တွေ့ခဲ့သောကြောင့် အရေးယူခြင်း မခံခဲ့ရသော်လည်း ရုပ်သံအနှေးပြကွက်များအရ ပြန်လည် အရေးယူခဲ့ခြင်း ဖြစ်သည်။ အယ်လီကလည်း ထိုကဲ့သို့ ပြုမှုခဲ့ကြောင်း ဝန်ခံခဲ့သည်။
အယ်လီသည် ယခုရာသီတွင် စပါးအသင်းအတွက် ခြေစွမ်းပြနေသူဖြစ်ပြီး ပြီးခဲ့သည့် တနင်္ဂနွေနေ့က ပီအက်ဖ်အေတစ်နှစ်တာလူငယ်အကောင်းဆုံးကစားသမားဆုကို ရရှိခဲ့သူ ဖြစ်သည်။
စပါးနည်းပြ ပိုချက်တီနိုက ထိုအဖြစ်အပျက်ကို မမြင်တွေ့ခဲ့ကြောင်း ပြောသည်။ ထို့အပြင် ၎င်းက 'တစ်ခါတစ်ရံမှာ ပြိုင်ဘက် ကစားသမားတွေက အယ်လီကို ရှာဖွေပြီး သူ့စိတ်ကို ဆွကြပါတယ်။ အယ်လီက ငယ်ပြီး စိတ်ဓာတ်ပြင်းသူဖြစ်လို့ ပြန်ပြီး တုန့်ပြန်တတ်တယ်ဆိုတာ သူတို့ သိလို့ပါ' ဟု ပြောသည်။
စပါးအသင်းသည် ယခုအချိန်တွင် အမှတ်ပေးဇယားထိပ်မှ လက်စတာနှင့် ခုနှစ်မှတ် ကွာဟနေပြီး ချယ်လ်ဆီး၊ ဆောက်သမ်တန်၊ နယူးကာဆယ်တို့နှင့် ကစားရန် ကျန်ရှိနေသေးသည်။ အယ်လီမှာ အဆိုပါ သုံးပွဲစလုံးကို လွဲချော်မည် ဖြစ်သည်။
Ref: BBC