ဆိပ်ဖြူ ကန်စွန်းမရဲစခန်းတိုက်ပွဲတွင် စစ်ကောင်စီလက်အောက်ခံ ၇ ဦး သေဆုံး

By MTO(မဇ္ဈိမ)
07 December 2023
ဆိပ်ဖြူ ကန်စွန်းမရဲစခန်းတိုက်ပွဲတွင် စစ်ကောင်စီလက်အောက်ခံ ၇ ဦး သေဆုံး
ပုံအညွှန်း-ဆိပ်ဖြူဘာမထီပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ဝင်များကိုတွေ့ ရစဉ်

မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ်၊ ကန်စွန်းမရဲစခန်းကို ဒေသကာကွယ်ရေးတပ်ဖွဲ့များ ပူးပေါင်းတိုက် ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ငါးဦးနှင့် ရဲတပ်ဖွဲ့ဝင်နှစ်ဦး စုစုပေါင်း ခုနစ်ဦးသေဆုံးပြီး ၁၅ ဦးခန့်ဒဏ်ရာ ရရှိသွားကြောင်း ဆိပ်ဖြူဘာမထီပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ဒီဇင်ဘာလ ၅ ရက်နေ့က သတင်းထုတ် ပြန်ထားသည်။

ဒီဇင်ဘာလ ၄ ရက်နေ့  နံနက် ၆ နာရီခန့်တွင် ကန်စွန်းမရဲစခန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ရဲတပ်ဖွဲ့ဝင်များ၏ မိသားစုဝင်အချို့ကို ဖမ်းဆီးနိုင်ခဲ့သော်လည်း ကလေးငယ်များပါဝင်နေသည့်အတွက် ပြန်လွှတ်ပေးလိုက်ကြောင်း ဆိပ်ဖြူဘာမထီပြည်သူ့ကာကွယ်ရေးအဖွဲ့ခေါင်းဆောင် ကိုပိုင်ကပြောသည်။

“ရန်သူ့ဘက်က စစ်သားငါးယောက်နဲ့ ရဲနှစ်ယောက်သေတယ်လို့ သိရတယ်။ စခန်းထဲထိ ဝင်နိုင်ခဲ့တယ်။ ရဲမိသားစုတချို့ကိုဖမ်းမိတာရှိတယ် ကလေးငယ်လေးတွေပါနေလို့ ပြန်လွှတ်ပေးလိုက်တယ်။ နယ်ထိန်း အိမ်ကိုတော့ မီးရှို့နိုင်ခဲ့တယ်၊ ကျန်တဲ့နေရာတွေကို မီးမရှို့နိုင်ခဲ့ဘူး” ဟု ဆိုသည်။

ကန်စွန်းမရဲစခန်းကို သိမ်းပိုက်နိုင်ရန်အထိ တိုက်ခိုက်ခဲ့သော်လည်း စခန်းနှင့်ကပ်လျက်ရှိသည့် အမြောက် တပ်မှ လက်နက်ကြီးများဖြင့် တောက်လျှောက်ပစ်ခတ်နေသည့်အတွက် ပြန်လည်ဆုတ်ခွာခဲ့ကြောင်း ကိုပိုင်ကပြောကြားသည်။

“စခန်းနောက်မှာ ကပစ(၂၁)ရှိတယ်၊ လေကြောင်းရန်ကာကွယ်ရေးရှိတယ်၊ အမြောက်တပ်ရှိတယ်။ အဲဒီ ကနေ လက်နက်ကြီး ၁၂၀ မမတွေနဲ့ပစ်နေတာဆိုတော့ စခန်းတခုလုံး မသိမ်းလိုက်နိုင်ခဲ့ဘူး”ဟု ၎င်းက ပြောသည်။

ကန်စွန်းမရဲစခန်းတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်နှင့် ရဲတပ်ဖွဲ့ဝင် စုပေါင်း အင်အား ၃၀ နီးပါးရှိပြီး လမ်းများ တွင်ဂိတ်ချ၍ ခရီးသွားပြည်သူများထံမှ ငွေကြေးကောက်ခံခြင်း၊ အနီးအနားကျေးရွာများကို စစ်ကြောင်း ထိုးပြီး ပစ္စည်းများလုယက်ယူဆောင်ခြင်းများပြုလုပ်လေ့ရှိကြောင်း သိရသည်။

ဆိပ်ဖြူမြို့နယ်သည် စစ်ကောင်စီ၏ ကာကွယ်ရေးပစ္စည်းစက်ရုံ ကပစ(၂၁)၊ ကပစ(၂၂)၊ လေကြောင်းရန် ကာကွယ်ရေးတပ်ဖွဲ့၊ အမြောက်တပ်နှင့် တပ်ရင်းနှစ်ခု၊ ရဲစခန်းသုံးခုရှိသည့် မြို့နယ်တခုဖြစ်ပြီး မြို့သိမ်း တိုက်ပွဲများဆင်နွဲနိုင်ရန်အတွက် အချိန်ယူဆောင်ရွက်ရမည်ဖြစ်ကြောင်း ဒေသကာကွယ်ရေးတပ်ဖွဲ့များ က ဆိုသည်။

ကန်စွန်းမရဲစခန်းအား တိုက်ခိုက်မှုကို ပခုက္ကူခရိုင်အမှတ်(၄)၊ အမှတ်(၁၁)တပ်ရင်းနှင့် အမှတ်(၁၉)တပ် ရင်းတပ်ခွဲ ဆိပ်ဖြူဘာမထီပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ ဆိပ်ဖြူဗိုလ်မထားတပ်ဖွဲ့၊ မင်းဘူးခရိုင်အမှတ် (၁၊ ၂၊ ၄၊ ၅၊ ၆၊ ၇) တပ်ရင်းများ၊ Myanmar Defence Force (MDF)၊ ချောက် PDF သခင်ဖိုးလှကြီးတပ်ခွဲ ပူးပေါင်းအင်အားများ တိုက်ခိုက်ခဲ့ကြခြင်းဖြစ်ကြောင်း ဆိပ်ဖြူဘာမထီ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ သတင်းထုတ်ပြန်ထားသည်။

စာတည်း။  ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly